
မြန်မာနိုင်ငံမှာ စက်သုံးဆီ အကျပ်အတည်းကို ဖြေရှင်းဖို့ စစ်ကောင်စီက စုံ/မ ရက်ခွဲတဲ့စနစ်နဲ့ စက်သုံးဆီ အကန့်အသတ်နဲ့သာ ရောင်းပေးတာကြောင့် ရန်ကုန်မြို့က ပြည်သူတွေ နေ့စဉ်ဘဝ ထိခိုက်မှုတွေရှိနေပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေလည်း မြင့်တက်နေပါတယ်။
ပြည်တွင်းမှာ စက်သုံးဆီရရှိမှု အခက်အခဲတွေ ပိုမိုဆိုးဝါးလာပြီး အထူးသဖြင့် ရန်ကုန်မြို့မှာနေတဲ့ ပြည်သူတွေရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ လူမှုဘဝတွေကို ထိခိုက်လာနေပါတယ်။
စစ်ကောင်စီဘက်က အရန်ဆီ လုံလောက်တယ်လို့ ပြောထားပေမဲ့ မြို့တွင်းမှာတော့ ဆီရှားပါးမှုတွေ ကြုံနေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
မြို့တွင်းရှိ စက်သုံးဆီဆိုင် အများစုက ရောင်းချတာ မရှိတော့ဘဲ ဆိုင်အချို့မှာသာ ကန့်သတ်ပမာဏနဲ့ ရောင်းချပေးနေပါတယ်။
ဒါကြောင့် ယာဉ်မောင်းတွေဟာ ဆီဝယ်ယူဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေရပြီး တချို့အချိန်တွေမှာ အလှည့်မရောက်ခင် ဆီကုန်သွားတဲ့ အခြေအနေတွေကိုလည်း ကြုံတွေ့နေရပါတယ်။
ရန်ကုန်မြို့နေ ဖယ်ရီမောင်းနှင်သူ ကိုမျိုးက “အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ အရင်တုန်းကဆိုရင် ဆီက လိုသလောက်ရတယ်လေ။ အခုက Monday တရက်မှ ၁၅ လီတာပဲ ဖြည့်ပေးတော့ ကျနော်တို့ ရုံးတက်တော့ အဆင်မပြေဘူး။ အသွားအပြန်က ကျနော်တို့နေတဲ့ နေရာနဲ့ မြို့ထဲသွားတာနဲ့ အပြန်နဲ့တင် သူပေးတဲ့ တရက်စာက ကုန်ပြီ။ အဲ့မှာ မြို့ထဲကနေ တခြားနေရာသွားတာတို့၊ တခြားလမ်းကြောင်း ရှိတာတို့ဆိုရင် မသွားဘဲ ရပ်ထားရတယ်။ အခု ကားဆီတိုးရင် အနည်းဆုံးက ၂ နာရီလောက် ကြာတယ်။ ဒီဇယ်ကားတွေဆိုရင် ပိုစောင့်ရတယ်။ ညအိပ်ပြီးတော့တောင် စောင့်ရတယ်။ ဓာတ်ဆီတွေကတော့ အခုချိန်ထိတော့ အဆင်ပြေနေသေးတယ်။ တခါတခါ စောင့်ရရင် ၃ နာရီလောက် ကြာတယ်။ အရင်တုန်းက အင်းစိန်ကနေ လှည်းတန်းကို တက္ကစီခ ကျပ် ၁၅,၀၀၀ ဆိုရင် အခု ၂၀,၀၀၀ လောက် ဖြစ်သွားတယ်။ ၅,၀၀၀ လောက် တက်သွားတယ်” လို့ ပြောပါတယ်။
စက်သုံးဆီ ရှားပါးတာကြောင့် မြို့တွင်း အငှားယာဉ်စီးခတွေ ဈေးမြှင့်လာသလို ယာဉ်အချို့လည်း ပြေးဆွဲမှု ရပ်နားထားရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အဝေးပြေးယာဉ်လိုင်းအချို့ကလည်း ဆီအခက်အခဲကြောင့် ခရီးစဉ် လျှော့ချပြီး ပြေးဆွဲနေရပါတယ်။
စက်သုံးဆီဈေးနှုန်းတွေကလည်း ဆက်တိုက်မြင့်တက်နေပြီး မတ်လ ၂၀ ရက်မှာ 92 Ron တလီတာ ကျပ် ၃,၆၁၀ ကျပ်၊ 95 Ron တလီတာ ကျပ် ၃,၈၅၀၊ ရိုးရိုးဒီဇယ် ကျပ် ၄,၃၉၀ နဲ့ ပရီမီယံဒီဇယ် ကျပ် ၄,၈၂၀ အထိ ရောက်ရှိခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် နေထိုင်သူ ကိုဝေယံက “အဝေးပြေးကားတွေဆိုရင်လည်း ကိုယ်လိုချင်တဲ့ ရက်တွေ ပြန်ညှိတယ်။ ဘယ်ရက်မှာတော့ ကားရှိတယ်၊ ဘယ်ရက်မှာတော့ ဆီအခက်အခဲ ရှိနိုင်တယ်၊ အဲ့လို သူတို့ဘက်က ပြန်ညှိပြီး ပြောတယ်။ တချို့ ဝန်ဆောင်မှုလုပ်ငန်းတွေဆို ရပ်နားသွားတယ်။ တချို့ ဆားဗစ်တွေကျတော့ အဲ့လို ညှိပြီး ပြန်သွားကြတာ ရှိတယ်။ ပြီးတော့ အဓိကက တက္ကစီငှားခတွေ တက်သွားတယ်။ အရင်ကဆိုရင် ၆,၀၀၀ လောက်ကျမဲ့ ခရီးက အခုဆိုရင် ၁၂,၀၀၀၊ ၁,၈၀၀၀ လောက်ဖြစ်သွားတယ်။ ဥပမာ- အရင်က မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်းကနေ လှည်းတန်းထိဆိုရင် ကျပ် ၁၀,၀၀၀ ဝန်းကျင်၊ ၁၀,၀၀၀ အောက်နဲ့ လိုက်ကြပေမဲ့ အခုဆိုရင် ကျပ် ၁၈,၀၀၀၊ ၁၉,၀၀၀ လောက်ထိ ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။
ပြည်တွင်းမှာ ဆီရရှိမှု ခက်ခဲလာတာကြောင့် မှောင်ခိုဈေးကွက်လည်း ပိုမိုကြီးထွားလာပြီး တလီတာ ၈,၀၀၀ ကျပ်အထိ ပေးဝယ်နေရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
စက်သုံးဆီ အကျပ်အတည်းကြောင့် သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် နေ့စဉ် လူမှုဘဝတွေကိုပါ ဆက်လက်ထိခိုက်လာနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ယာဉ်မောင်းတွေက ပြောပါတယ်။
ဇွဲသစ်











