DVB Logo
Home
Lead Story
ပြည်တွင်းကူးစက်မှု ကင်းစင်နေသော ရန်ကုန်
DVB
·
June 16, 2020
ပြည်တွင်းကူးစက်မှု ကင်းစင်နေသော ရန်ကုန်
1 / 6
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်နိုင်တင်း ရောဂါ ပြည်တွင်းကူးစက်ခံ လူနာတွေ ထပ်မံမတွေ့ရှိတော့တာ မေလ (၁၈)ရက်မှ ဒီကနေ့ ဇွန်လ (၁၆)ရက်နေ့အထိ ရက်ပေါင်း (၃၀) ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ကိုဗစ်နိုင်တင်း ရောဂါဖြစ်ပွားသူ စုစုပေါင်း (၂၆၂) ဦးရှိတဲ့အနက် ရန်ကုန်တိုင်းဒေသကြီးက (၂၀၁) ဦးရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် (၇၇) ရာခိုင်နှုန်းရှိပါတယ်။

yangon info

ရန်ကုန်က ရောဂါဖြစ်ပွားသူ (၂၀၁) ဦးထဲမှာ အမျိုးသား (၁၀၈) ဦးနဲ့ အမျိုးသမီး (၉၃)ဦး ရှိပါတယ်။ အသက်အငယ်ဆုံးလူနာက (၁) နှစ်နဲ့ (၆) လသားအရွယ်ဖြစ်ပြီး အသက်အကြီးဆုံးလူနာက အသက် (၈၅) နှစ်အရွယ်ဖြစ်ကာ ရောဂါကူးစက်ခံရသူ ရဲ့ လေးပုံတပုံက အသက် ၂၀-၂၉ နှစ်ကြားဖြစ်ပြီး အများဆုံး ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲက (၅)ဦးမှာ သေဆုံးခဲ့ပြီး သေဆုံးသူအားလုံးက အသက် (၆၀) နှစ် အထက် မူလရောဂါအခံရှိသူတွေပါ။ ဒီအထဲက (၁)ဦးကတော့ သေဆုံးပြီးမှ ရောဂါကူးစက်ခံရသူဖြစ်ကြောင်း ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ပါတယ်။

yangon info

ရန်ကုန်တိုင်းအတွင်းရှိ ကိုဗစ်နိုင်တင်း လူနာတွေရဲ့ ၆၈ % (၁၃၇ ဦး)မှာ ရောဂါပျောက်ကင်းသွားပြီဖြစ်ပြီး လက်ရှိ ဆေးရုံတွေမှာ ကုသဆဲ လူနာ (၅၉) ဦးရှိပါတယ်။ တောင်ဥက္ကလာပ ဆေးရုံကြီးမှာ (၃၇) ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ(၁၇) ဦးနဲ့ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးမှာ (၅ ဦး ဆေးကုသခံယူနေကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာ ခရိုင် လေးခု၊ မြို့နယ်ပေါင်း (၄၅) မြို့နယ်ရှိတဲ့အထဲက (၂၈) မြို့နယ် ရောဂါပိုးကူးစက်ခံရသူတွေ တွေ့ရှိခဲ့ရာမှာ အခုအခါ (၁၆) မြို့နယ်မှာ ရောဂါပိုးကင်းစင် သွားပြီး (၁၂) မြို့နယ် ကျန်ရှိပါတယ်။

ရောဂါကင်းစင်သွားတဲ့ မြို့နယ်တွေကတော့ ကမာရွတ်၊ ဗဟန်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အလုံ၊ အရှေ့ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ စမ်းချောင်း၊ သင်္ဃန်းကျွန်း၊ ဒဂုံ၊ လှည်းကူး၊ မှော်ဘီ၊ ပုဇွန်တောင်၊ သာကေတ၊ ကျောက်တံတား မြို့နယ်တို့ ဖြစ်ပါတယ်။

ကုသဆဲလူနာတွေရှိတဲ့ မြို့နယ်တွေကတော့ ဗိုလ်တထောင်(၂၂ ) ဦး၊ တောင်ဒဂုံ (၁၂) ဦး၊ မြောက်ဒဂုံ (၁၁) ဦး၊ အင်းစိန် (၈) ဦး၊ လှိုင် (၇) ဦး၊ မရမ်းကုန်း (၂) ဦး၊ တောင်ဥက္ကလာပ (၂) ဦး၊ တာမွေ၊ ပန်းဘဲတန်း၊ မင်္ဂလာဒုံ၊ ဒေါပုံနဲ့ ကျောက်တန်းမြို့နယ်တို့မှာ (၁) ဦးစီတို့ ဖြစ်ကြပါတယ်။

yangon

ရန်ကုန်တိုင်းအတွင်း ကိုဗစ်နိုင်တင်း လူနာတွေ့ရှိမှုဖြစ်စဉ်တွေကို ပြန်ကြည့်ရင် မတ်လ (၂၃) ရက်မှ ဧပြီ (၅) ရက်ထိ ပထမသီတင်း နှစ်ပတ်မှာ ပြည်ပက ဝင်လာသူတွေကြောင့် ပိုးကူးစက်တာပိုများတာ တွေ့ရပါတယ်။

မတ်လ (၃၁)ရက်မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပလေကြောင်းခရီးစဉ်တွေကို ပိတ်လိုက်ခဲ့ပြီး တတိယမြောက် သီတင်းပတ်မှာတော့ ဘာသာရေး အခမ်းအနားကနေရောဂါကူးစက်တဲ့လူနာကို စတွေ့ပြီး ပြည်တွင်းကူးစက်လူနာတွေလည်း မြင့်လာပါတယ်။

လေးပတ်မြောက်ဖြစ်တဲ့ ဧပြီ (၁၃) ရက်မှ (၁၉) ရက်အတွင်းမှာတော့ ရောဂါကူးစက်သူတွေ့ရှိမှု အများဆုံး အပတ်ဖြစ်ပြီး ပြည်တွင်းကူးစက်လူနာသစ် (၆၃) ယောက် တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ ဘာသာရေး အခမ်းအနားကနေ ကူးစက်တဲ့ခံရသူတွေပဲ ဖြစ်ပါတယ်။ အစိုးရကလည်း ပြည်သူတွေကို သင်္ကြန်ကာလအတွင်း မိမိအိမ်တွင်း၌သာနေထိုင်ကြရန် တိုက်တွန်းခဲ့ပါတယ်။ ဧပြီ (၁၈) ရက်မှာတော့ ရောဂါကူးစက်မှုမြင့်နေတဲ့ (၇)မြို့နယ်မှ လူများကို အိမ်တွင်းနေထိုင်ရန် Stay at home အမိန့်ထုတ်ပြန်ပြီး ဧပြီ (၂၃) ရက်မှာ ညမထွက်ရ အမိန့်ပါ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။ ဆက်ပြီးတော့ ဧပြီလ (၂၅)ရက်မှာ နောက်ထပ် (၃)မြို့နယ်ကို Stay at home အမိန့်ထပ်ထုတ်ပြန်ခဲ့ပါတယ်။

သီတင်း (၇)ပတ်မြောက်မှာတော့ အင်းစိန် ခဝဲခြံမှ မိသားစုလိုက် ကူးစက်လူနာတွေ ပြန်မြင့်တက်လာပြီး ၎င်းတို့ထဲမှ လူနာ(၁)ဦးဟာလည်း အစောပိုင်းက ဘာသာရေးအခမ်းအနားကနေ ကူးစက်မှုရဲ့ အဆက်ဖြစ်ပါတယ်။

အဲဒီနောက် မေလလယ်မှာ ရောဂါ ကူးစက်ခံရသူ အရေအတွက် ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဒါ့ကြောင့် မေလလယ်မှမှစပြီး ရန်ကုန်တိုင်းအတွင်းမှ stay at home အမိန့်ချမှတ်ထားတဲ့ မြို့နယ်များကို အဆင့်ဆင့် ဖြေလျော့ပေးခဲ့ပါတယ်။

(၉) ပတ်မြောက် မေလ (၁၇) ရက်မှာတော့ နောက်ဆုံး ပြည်တွင်းမှာကူးစက်ခံရတဲ့ လူနာအမှတ် (၁၈၃) ကို မရမ်းကုန်းမြို့နယ်က အသက် (၅၇) နှစ်အရွယ် အမျိုသား တစ်ဦးမှာတွေ့ရှိပြီး သူဟာ ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခြင်းမရှိသလို နိုင်ငံခြားခရီးသွားရာဇဝင်မရှိသူဖြစ်ပါတယ်။ သူဟာလည်း ယခုအခါ ရောဂါပိုးကင်းစင်နေပြီဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ပြည်တွင်းကူးစက်လူနာ စုစုပေါင်း (၁၃၄) ဦးရှိပြီး အဲဒီထဲက (၁၂) ဦးဟာ လူနာအမှတ် (၁၈၃) လို ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခြင်းမရှိသလို နိုင်ငံခြားခရီးသွားရာဇဝင်မရှိသူများဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေအားလုံးလိုလိုကတော့ ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေကြပြီး အစိုးရရဲ့ အစီအစဉ် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာကြတဲ့ နေရပ်ပြန်မြန်မာနိုင်ငံသားတွေဖြစ်ကာ ရန်ကုန်မှာ အသွားအလာကန့်သတ်ကြည့်ရှုထားသူတွေဖြစ်ပါတယ်။ နေရပ်ပြန်မြန်မာများထဲက ပိုးတွေ့ရှိသူများဟာ တစ်နိုင်ငံလုံးမှာ (၆၉)ဦး ရှိတဲ့အနက် ရန်ကုန်တိုင်းမှာ (၅၄)ဦး ဖြစ်ပါတယ်။ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့သူတွေဟာ မလေးရှား၊ ယူအေအီး၊ အီတလီနဲ့ အိန္ဒိယနိုင်ငံတို့ကနေ ပြန်လာသူတွေဖြစ်ကြပြီး အိန္ဒိယက ပြန်လာသူက အများဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ပြည်တွင်းကူးစက်လူနာများ မတွေ့တော့တာကြောင့် မေလကုန်မှာတော့ မြို့နယ် (၁၀) မြို့နယ်အနက် အင်းစိန်မြို့နယ်မှအပ ကျန် (၉) မြို့နယ်မှာ Stay at home အမိန့်ပြန်ရုပ်သိမ်းပေးထားပြီး ဆိုင်တွေ၊ ရုံးတွေ ပြန်ဖွင့်ပေးတာ ညမထွက်ရ အချိန်နောက်ဆုတ်ပေးတာ စတဲ့ ဖြေလျှော့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ရန်ကုန်က ရောဂါကူးစက်မှုစိတ်ချရတဲ့အနေအထားဖြစ်ပေမယ့် ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ လိုက်နာရမယ့်စည်းကမ်းတွေကိုတော့ ပေါ့လျော့လို့ မရသေးဘူးလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013