DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် လူတိုင်း Mask တပ်နိုင်ရန် တစ်ခုကို ကျပ် ၅၀ နှုန်းဖြင့် အခုရေ ၅ သိန်းရောင်းချပေး
DVB
·
June 16, 2020
ပုသိမ်တွင် လူတိုင်း Mask တပ်နိုင်ရန် တစ်ခုကို ကျပ် ၅၀ နှုန်းဖြင့် အခုရေ ၅ သိန်းရောင်းချပေး
1 / 7
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ရန်ကုန်အခြေစိုက် ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းက Mask အခုရေ ၅ သိန်းနီးပါးကို တစ်ခုကို ၅၀ ကျပ်နှုန်းနဲ့ လာရောက်ရောင်းချပေးနေပါတယ်။

ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းမှစတင်ကာ ပုသိမ်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လှည့်လည် ရောင်းချပေးနေတာဖြစ်ပါတယ်။

ပြည်သူတွေကို Mask တပ်ဖို့အတွက် ဘယ်လိုပြောပြော စျေးတွေကြီးနေရင်း စားဝတ်နေရေးထိခိုက်မှာရှိတာကြောင့် စည်းကမ်း လိုက်နာမှုအားနည်းမှာဖြစ်လို့ Mask စျေးတွေ ကျလာစေချင်လို့ ခုလိုလာရောက်ရောင်းချပေးတာလို့  ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်း တာဝန်ခံ ကိုမင်းမင်းက ပြောပါတယ်။

"အဓိက Mask တပ်ဖို့အတွက်က စျေးနှုန်းသင့်တင့်မျှတဖို့လိုအပ်ပါတယ်။ စည်းကမ်းချက်တွေ ဒဏ်ကြေးတွေ ဘယ်လောက်ပဲထုတ်ထုတ် စားဝတ်နေရေးထဲကနေ ငွေကြေးပဲ့ပါသွားမယ်ဆို စည်းကမ်းလိုက်နာဖို့ အခက်အခဲရှိပါမယ်။ ဒါကြောင့်မလို့  Mask စျေးနှုန်းတွေ ကျလာစေချင်လို့ ခဏတာဝင်ရောင်းပေးတာပါ။ တခြားသူတွေကိုလည်း စျေးနှုန်းကျလာအောင် ကူညီ ပေးစေချင်ပါတယ်" လို့ ပြောပါတယ်။

ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းအနေနဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်း Mask တစ်ခုကို ၅၀ ကျပ်နှုန်းနဲ့ ကျုံပျော်၊ ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ်၊ ကျောင်းကုန်နဲ့ အိမ်မဲစတဲ့မြို့နယ်တွေမှာရောင်းချပေးခဲ့သလို ခုစျေးနှုန်းနဲ့ရောင်းတာ အရှုံးခံရောင်းတာမဟုတ်ဘဲ အမြတ်နည်းနည်းယူပြီး ပြန်လည်ရောင်းချပေးတာသာဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေရောင်မဇ္ဇိုမ လူမှုကယ်ဆယ်ရေး အသင်းဟာ ရန်ကုန်မြို့အခြေစိုက်အသင်းဖြစ်ပြီး တစ်ခုကို ၅၀နှုန်းနဲ့ ပိုးသတ်ပြီးသား ၃ လွှာ Mask တွေကို လာရောက်ရောင်းချပေးခဲ့တာပါ။

ဧရာဝတီတိုင်းမှာ နေအိမ်ပြင်ပ သွားလာသူတွေ အနေနဲ့ Mask တပ်ပြီးသွားလာဖို့ကို အစိုးရအဖွဲ့က မေလ ၂၀ ရက်နေ့ကစတင်ကာ အသိပညာပေးတာတွေနဲ့ ဒဏ်တပ်အရေးယူတာတွေ စတင်ပြုလုပ်လာခဲ့ပါတယ်။

Mask မတပ်ဘဲ နေအိပ်ပြင်ပသွားလာသူတွေကို တွေ့ရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၃ လွှာ Mask ၁ ခုကို  ကျပ် ၁၀၀၀ နှုန်းနဲ့ ၃ ခုရောင်းချပြီး အရေးယူတာမျိုးတွေလုပ်ဆောင်ခဲ့လို့ မေလ ၉ ရက်နေ့ထိ စာရင်းတွေအရ Mask မတပ်သူတွေထံက  ဒဏ်ကြေး ငွေကျပ် သိန်း ၅၃၀ ကျော်ရရှိထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိအချိန်မှာ ပုသိမ်မြို့ရဲ့ ဆေးဆိုင်တော်တော်များများနဲ့ စတိုးဆိုင်အများစုမှာ ၃ လွှာ Mask ၁ ခုကို ငွေကျပ် ၃၅၀ ကနေ ၄၅၀ အကြားရောင်းချနေပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013