
တရုတ်ဧကရာဇ် ရှီကျင့်ဖျင်ထံ အခစားဝင်ပြီးနောက် ပိုမိုမိုက်လုံးကြီးလာတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဆောင့်ကြွားကြွားနဲ့ တွေ့လာရတယ်။
တရုတ်ဧကရာဇ် ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးထောက်ခံမှု အခိုင်အမာရရှိခဲ့တယ်။ အဲဒီအတွက် ဘာ ပြန်ပေးရမလဲ ကြိုက်တာပြော။ မြစ်ဆုံကို ပြန်စချင်သလား၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မြန်မာမှာ အခိုင်အမာ ခြေကုပ်ရယူချင်သလား။
မင်းအောင်လှိုင် လိုချင်တာ ရှီကျင့်ဖျင်ရဲ့ ဆုံးမဩဝါဒမဟုတ်ဘူး။ မတရားအာဏာ သက်ဆိုးရှည် ရေးအတွက် အင်အားကြီး တရုတ်ရဲ့ နိုင်ငံရေးထောက်ခံမှု။ အဲဒီအတွက် ရှီကျင့်ဖျင် ဘာစကား တခွန်းမှ မပြောနိုင်အောင်အထိ တိုင်းပြည်ကို ပုံအောရဲဝံ့တယ်။
တရုတ်က ဒါမျိုးကို နပ်ပြီးသား။ မင်းအောင်လှိုင်တို့လို ငမျောက်ငခြောက် ဟိုမရောက်ဒီ မရောက် အာဏာရှင်တွေကို ကျောသပ်ရင်သပ်လုပ်ပေး၊ သံတမန်ရေး ထောက်ခံမှုပေးကာ ရသလောက် အပြောင်နှိုက် အကျိုးအမြတ်ရှာတာမျိုးကို တရုတ်က အတွေ့အကြုံများစွာနဲ့ ပါရဂူမြောက် ကျွမ်းကျင်ပြီးသားမို့ ခုံဖိနပ်ပြတ်နဲ့ ခွေးငတ်တို့ တွေ့ကြလေသတည်းပေါ့။
ပြီးတော့ တရုတ်က ဟိုဘက် ဒီဘက် နှစ်ဖက် မျက်နှာလုပ်ရတာကို သံတမန်ရေးပရိယာယ်လို့ ခံယူထားတာကြောင့် ဇွန် ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာလည်း “ကာလရှည်ကြာမိတ်ဆွေ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အရာအားလုံး ကောင်းမွန်ပါ စေကြောင်း” တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာဌာနက နှုတ်အားဖြင့် ဆုတောင်း မေတ္တာပေးပို့ခဲ့ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ထုတ်ပြန်ထားတာတွေ့ရတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ အဲဒီမွေးနေ့ဆုတောင်းကို အကောင်းမြင်တတ်သူတချို့က တရုတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒီနေ့ထိတိုင် မိတ်ဆွေစိတ်ရှိနေတုန်းပဲလို့ ဆိုသလို မွေးနေ့ဆုတောင်းပေးပို့ခြင်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလေးထားမှုရှိကြောင်း မင်းအောင်လှိုင်ကို သတိပေးလိုက်ခြင်းလို့လည်း မြင်ကြတယ်။
စာရေးသူအမြင်ကတော့ တရုတ်ရဲ့မွေးနေ့ဆုတောင်းက မိတ်မပျက်ဘူးလို့ ပြသတယ်ဆိုရုံ။ ပြီးတော့ အဲဒီလိုဆုတောင်းခြင်းကနေ မြန်မာပြည်သူတို့ကြား အနက်ရှိုင်းဆုံးဖြစ်နေတဲ့ တရုတ်ဆန့် ကျင်ရေးစိတ်ဓာတ်တွေ နည်းနည်းဖြစ် လျော့သွားနိုင်မလားလို့တောင် မျှော်လင့်မယ့်ပုံ။ ထား။
မင်းအောင်လှိုင် ဘေဂျင်းမသွားခင်လေးတင် ဇွန် ၉ ရက်ညက တောင်ငူမြို့ပေါ်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့ ဇွန် ၁၃ ရက်၊ ရန်ကုန်မြို့၊ ရွှေဂုံတိုင် NLD ရုံးချုပ် အဆောက်အအုံထိပ်က ပါတီအမှတ်တံဆိပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာသားကို ဖယ်ရှား။ ဇွန် ၁၄ ရက်မှာလည်း ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် အမှတ် ၅၄ ခြံတံခါးထိပ်က ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံနဲ့ ဗိုလ်ချုပ်ပြောစကား စာသားကို ဖျက်ဆီး။ ပြီးတော့မှ ဇွန် ၁၅ ရက်မှာ ဘေဂျင်းသို့ အခစားဝင်ခရီး စဉ် စတင်တယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု၊ NLD ရုံးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ခြံထိပ် ဖျက်ဆီးခြင်း လုပ်ငန်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို အလိုမရှိကြောင်း တရားဝင် ထုတ်ဖော်ပြသလိုက်ခြင်းလို့ အတိအကျ ကောက်ယူနိုင်တယ်။
အကြမ်းဖက်မှု ချက်ချင်းရပ်တွေဘာတွေ လာမပြောနဲ့။ မြန်မာအရေးအာဆီယံဘုံသဘောတူညီ ချက် ၅ ရပ် မထွက်ပေါ်ခင်တုန်းကလည်း အကြမ်းဖက်တာပဲ။ အာဆီယံဘုံ ၅ ရပ်ကို မင်းအောင်လှိုင် သဘောတူညီကြောင်း လက်မှတ်ရေးထိုးပြီး နောက်တရက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၅ ရက်ကစလို့ အကြမ်းဖက်သတ်ဖြတ်ခြင်းတွေက နိုင်ငံတကာရာဇဝတ်မှုမြောက် ဗြောင်းဆန် နေအောင် ကမ်းကုန်။ ကျနော်တို့ ရွေးကောက်ခံပါဆိုတဲ့ အသွင်ယူ အစိုးရတုတက်လာတော့လည်း ရက် ၁၀၀ စီမံချက်ဆိုပြီး ပြည်သူသတ်နေလိုက်တာများ ကမ္ဘာ့အဆင့် လူသတ်ပြိုင်ပွဲမှာ စံချိန်တင်ဖို့ ကြိုးစားနေသလိုမျိုး။
မင်းအောင်လှိုင်က ဘယ်လောက်ပဲ အကြမ်းဖက်ပါစေ၊ ဘေဂျင်းကတော့ အေးဆေးပဲ။ ဘေဂျင်းရဲ့ မြန်မာ့အရေး ပစ္စက္ခမျှော်လင့်ချက်က မင်းအောင်လှိုင်အစိုးရတုကို မတည်ပေးကာ အဲဒီအစိုးရ တုအောက်ကနေ နိုင်ငံရေးတည်ငြိမ်မှု ဖြစ်ထွန်းလာစေရေး။ ဒါ့ကြောင့် အစိုးရတုကို မတည်ပေးနိုင် ရေးအတွက် အစိုးရတုလုပ်သမျှကို တခြားနိုင်ငံရေးရဲ့ ပြည်တွင်းရေး ဝင်မစွက်ဘူးဆိုတဲ့ ခေါင်းစဉ် အောက် ဆွဲသွင်းကာ မမြင်ချင်ယောင်ဆောင်လိုက်တယ်။
မင်းအောင်လှိုင် ဘေဂျင်းကနေ ပြန်ရောက်လာပြီးနောက်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖျက်ဆီးမှုကို စီးရီးလိုက် ဆက်လက်လုပ်ဆောင်တယ်။ သတင်းတွေအရ ရေဦး၊ မအူပင်၊ တောင် ဥက္ကလာ၊ သာကေတ၊ ကျုံပျော်၊ ရေစကြို အပါအဝင် အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စစ်အုပ်စု ဖျက်ဆီးမှု အနည်းဆုံး ၁၀ ခု ရှိသွားပြီ လို့ သတင်းတချို့က ဖော်ပြတယ်။
တဆက်တည်းမှာပဲ ဇွန် ၃၀ ရက်၊ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ ရာဇဝတ်အကျဉ်းသားဖြစ်ပြီး ပြစ်ဒဏ်ကျခံရနေဆဲဖြစ်လို့ နိုင်ငံတကာသံတမန်တွေရဲ့ တွေ့ခွင့်မရှိဘူးလို့ နေပြည်တော်ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွေကို ဖယ်ရှားဖျက်ဆီးခြင်းအပေါ် ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကို ဖျောက်ဖျက်ချင်တာကြောင့်လို့ တချို့က ဖွင့်ဆိုကြပေမဲ့ စာရေးသူကတော့ ဗိုလ်ချုပ်သမိုင်းနဲ့ မဆိုင်ဘူးလို့ နား လည်မိတယ်။
အဓိကပြဿနာက ဒေါ်အောင်ဆန်းစုကြည်အပေါ် အမျက်ကြီးနေမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလိုမရှိကြောင်း ပြသချင်တာကြောင့် မဆိုင်တဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ရည်ရွယ်ချက်ရှိရှိ မဲပြနေခြင်းလို့ အခိုင်အမာယုံကြည်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာသိမ်းတဲ့မနက်ကတည်းက ဖမ်းဆီးထားတာတောင် ဘာ့ကြောင့် အမျက်ကြီးနေရသေးတာလဲလို့ မေးခွန်းထုတ်စရာရှိတယ်။ အရေးကြီးနံပါတ်တစ် အချက်က မြန်မာ့နိုင်ငံရေးကနေ လုံးဝအနားယူစေလိုတဲ့ မင်းအောင်လှိုင်ရဲ့လိုဘကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ်သားသားပယ်ချ ဆန့်ကျင်နေတာကြောင့်။ နောက်တချက်က နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ လက်ရှိ မြန်မာ့ပြဿနာဖြေရှင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားလို့မရဘူးလို့ ရှုမြင်ကြတာကြောင့်လည်း ဖြစ်တယ်။
နေပြည်တော် သတင်းရှင်းပွဲအပြီး ဇူလိုင် ၁ ရက်မှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လိုအပ်ကြောင်းနဲ့ အပြုသဘောဆောင်တဲ့ အရွေ့တွေ ဖြစ် ပေါ်လာဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အရေးကြီး တယ်လို့ တုံ့ပြန်ခဲ့တယ်။
မင်းအောင်လှိုင်အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မတရားအာဏာသက်ဆိုး ရှည်ရေး အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေတာကြောင့် အာဏာသိမ်းကတည်းက သူ့ရဲ့ မဟာရည်မှန်းချက်ဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် လုံးဝအစ ပျောက်ရေးအိပ်မက်ကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားတာက သေချာတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ပေးရုံတင်မက ဒေါ်အောင်ဆန်းစုကြည် အကြောင်း သတင်းစကား တခုခု မပေါက်ကြားစေရေးအတွက် နိုင်ငံတကာသံတမန်၊ ရှေ့နေအဖွဲ့နဲ့ မိသားစုဝင် ဘယ်သူနဲ့မှ အတွေမခံဘဲ နေပြည်တော်အလုံပိတ်ထောင်ထဲ နောက်ဆုံးအချိန်ထိ ပိတ်လှောင်ထားလိုတာက မင်းအောင်လှိုင် ဆောက်တည်နေတဲ့ သံန္နိဋ္ဌာန်ဖြစ်တယ်။
ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝအလိုမရှိတဲ့ မင်းအောင်လှိုင်ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို လုံလောက်တဲ့ စောင့်ရှောက်မှု ပေးနေတယ်လို့ မင်းအောင်လှိုင် ဘာပြောပြော ဘယ်ပြည်သူမှ မယုံပါဘူး။ ဒါ့အပြင် ၈၁ နှစ်ဆိုတဲ့အရွယ်ကို ရည်ရွယ်ချက်ရှိစွာနဲ့ ဖြစ်သလိုထားတဲ့ အန္တရာယ်လည်း ရှိနိုင်တာကြောင့် အထူးစိုးရိမ်ဖွယ် ကောင်းတဲ့ အခြေအနေပါ။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆိုတာ လတ်တလော မြန်မာပြည်သူတွေ မတတ်နိုင်တဲ့ ကိစ္စရပ်ကြီးမို့ နိုင်ငံတကာအနေနဲ့ အလေးအနက်ပြုဖို့ လိုပါမယ်။ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို စကားလုံးတွေနဲ့ ဟန်ရေးပြနေတာ မျိုးမဟုတ်ဘဲ ထိရောက်ပြင်းထန်တဲ့ဖိအားမျိုးနဲ့ အားစိုက်ကြဖို့ အရေးတကြီး လိုအပ်နေပြီပဲ ဖြစ်တယ်။










