DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်
DVB
·
April 30, 2026
Photo: DVB
Photo: DVB
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့ကို စစ်တပ်က ဧပြီ ၂၉ ရက် နေ့လယ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေ-ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်အစပ်က ကျေးရွာတွေကို ဧပြီ ၂၉ ရက် နေ့လယ် ၃ နာရီကနေ ၃ နာရီခွဲအထိ လေယာဉ်အုပ်စုလိုက်သုံးပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာနဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ကျေးရွာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေ အစပ်က ကျေးရွာတွေကို စစ်တပ်က လေယာဉ် အုပ်စုလိုက်သုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာ ရှိတယ်။ ကျနော်တို့ ကြားရသလောက် စစ်တွေမြို့နယ် ဝါဘိုရွာပတ်ဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရွာ ပတ်ဝန်းကျင်နဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းက ကျေးရွာအချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်လို့ သိထားရတယ်။ လေယာဉ်ကတော့ ၄ စင်းထက်မနည်း သုံးပြီး တပြိုင်နက်တည်း တိုက်ခိုက်သွား။ ဗုံးကွဲသံတွေလည်း အကြိမ် ၂၀ နီးပါး ကြားလိုက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်တွေ စစ်မျက်နှာမှာ တိုက်ပွဲမရှိဘဲ ငြိမ်သက်နေပေမဲ့ စစ်တပ်က စစ်တွေနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်အတွင်းက တိုက်ပွဲတွေမှာ သင်္ကြန်မတိုင်ခင်ကတည်းက ငြိမ်သက်နေကြတာဖြစ်ပြီး စစ်တပ်က နယ်စပ်ဒေသတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေမှာ တိုက်ပွဲတွေ ရပ်နေကြတာ သင်္ကြန်မတိုင်ခင်ကတည်းပါ။ ဒီရက်ပိုင်းလည်း ထိတွေ့တိုက်ပွဲတွေ မရှိဘူး။ စစ်ကောင်စီဘက်က နယ်စပ်က ကျေးရွာတွေကို ရန်စပြီးတော့ လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ရှိတယ်” လို့ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နဲ့ မြို့နယ်က ကျေးရွာ ၂ ရွာကိုလည်း ဧပြီ ၁၉ ရက်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တယောက် သေဆုံးပြီး တယောက် ဒဏ်ရာခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ဓာတ်အားခွဲရုံ၊ နတလနဲ့ နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာပတ်ဝန်းကျင်တွေဟာ စစ်တွေမြို့နယ်အတွင်းက အာရက္ခတပ်တော် ထိန်းချုပ်ဒေသခံတွေနဲ့ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ နေရာတွေ ဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကို ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေကတဆင့် စစ်ရေးအရ ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013