DVB Logo
Home
မြန်မာသတင်း
ပုသိမ် အထည်ချုပ်စက်ရုံတခုက အလုပ်သမအချို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဟုဆို
DVB
·
June 14, 2020
ပုသိမ် အထည်ချုပ်စက်ရုံတခုက အလုပ်သမအချို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရဟုဆို
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၃ ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံက အလုပ်သမားအချို့ဟာ နိုင်ငံခြားသားပညာရှင်တဦးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေ ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံအတွင်းက အလုပ်သမား အမျိုးသမီး ၅ ဦး၊ ၆ ဦးလောက်ကို အင်ဒိုနီးရှားနိုင်ငံသား မြန်မာ စကားကိုကျွမ်းကျင်စွာပြောနိုင်သူက နှုတ်နဲ့ရော လက်နဲ့ပါ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ ပြုလုပ်လာတာကြောင့် ကျူးလွန်ခံရသူတွေထဲက အိမ်ထောင်ရှိ အမျိုးသမီးတဦးက ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ လာရောက်အကူညီတောင်းခံခဲ့တယ်လို့ အလုပ်သမား အချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့က ပဋိပက္ခ ဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခက ဒီဗွီဘီကို ပြောပါတယ်။

“လာတိုင်တဲ့ မိန်းကလေးအပါအဝင် စက်ရုံက မိန်းကလေး ၅ ယောက် ၆ ယောက်လောက်ကို သူက ချစ်သူရှိလား ချစ်ခြင်တယ်၊ ချစ်ကျမယ် ဒါမျိုးတွေပြောတယ်၊ နောက်တဆင့်က အမျိုးသမီးတွေရဲ့ ရင်သားနဲ့ အနီးဆုံး ဂျိုင်းသားနေရာတွေကို ပွတ်ဆွဲတာတွေ ကိုင်တာတွေ ပြီးတော့ ပေါင်းရင်းနေရာလောက်ကို သူ့လက်ကရောက်လာပြီးတော့ ပွတ်လိမ်ဆွဲတာမျိုးတွေ လုပ်တယ်လို့ သိရပါတယ်။”

ဒါပြင် အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ဟာ အလုပ်သမား အမျိုးသမီးတွေကို ရည်းစားရှိလား၊ အိမ်ထောင်ရှိလား မေးမြန်းတာတွေ ပြုလုပ်ပြီး ရှိကြောင်းပြန်ပြောပါက သူနဲ့ ချစ်ရအောင် အဲ့လိုကိစ္စကိုလည်း လူတွေမသိစေနဲ့ ဒါမျိုးတွေ ပြုမှုပြောဆိုတာတွေရှိနေတာကြောင့် မြန်မာအလုပ်သမားတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်စော်ကားမှုကို ကျူးလွန်နေတာ တော်တော်လေးဆိုးရွာတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံက အလုပ်သမားတွေကို အင်ဒိုနီးရှားနိုင်ငံသားရဲ့ ပြောဆိုဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာရှိလာလို့ တိုင်ကြားတဲ့သူရော တိုင်ကြားခံရတဲ့သူကိုရော မျက်နှာဆုံးညီတွေ့ဆုံ ရှင်းလင်းတာတွေပြုလုပ်ပေးခဲ့တယ်လို့ Amava Apparel အထည်ချုပ်စက်ရုံ HR မန်နေဂျာ ဒေါ်ကြည်ကြည်လွင်က DVB ကိုပြောပါတယ်။

“ဒီကလေးရဲ့ တိုင်စာကို အဓိကကြည့်တယ်၊ တကယ်ဖြစ်နေသလားဆိုပြီး ခေါ်ယူ ဖြေရှင်းပေး ထားပါတယ်။ အဲဒီလူကိုလည်း အရေးယူ ဆောင်ရွက်ထားပါတယ်။ ဒီလိုပြောတယ်ဆိုတဲ့ ကိစ္စတွေက လိင်ပိုင်းဆိုင်ရာ ပတ်သက်လောက်တဲ့အထိတော့ မဟုတ်ဘူး၊ အဲ့တော့ နောက်ကိုလည်း သူ့ကို လုပ်ငန်းသဘောတရားအရပဲ ပြောရမယ်၊ မသက်ဆိုင်တဲ့ဟာတွေကို မပြောရဘူးဆိုတာကို စာချုပ်ပါအချက်တွေကို ပြသပြီး ဖြေရှင်းပေးထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်တွင်တော့ အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား ပညာရှင်ကို စက်ရုံတာဝန်ရှိသူတွေရဲ့ သဘောထားဆုံးဖြတ်ချက်နဲ့ အရေးယူဆောင်ရွက်ပေးထားပြီး လိင်ပိုင်းဆိုင်ရာလောက်ထိတော့ ပြဿနာက မသွားထားတာကြောင့် လုပ်ငန်းသဘောတရားနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ထားတာတွေ ရှိပါတယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိနေတယ်လို့ စွပ်စွဲခံထားရတဲ့ Amava Apparel အထည်ချုပ်စက်ရုံမှာ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လိုင်လ ၂၉ ရက်နေ့က အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပါတယ်။

Amava Apparel အထည်ချုပ်စက်ရုံကို ၂၀၁၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စက်ရုံ ပိုင်ရှင်မှာ သီရိလင်္ကာနိုင်ငံသားတဦးဖြစ်ကာ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့မှ လာရောက်အလုပ်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသား ၁၂ ဦးရှိပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသားကတော့ စက်ရုံကိုရောက်လာတာ ၅ လနီးပါးသာ ရှိသေးတယ်လို့ တာဝန်ရှိသူတွေထံက သိရပါတယ်။

သီရိလင်္ကာနိုင်ငံသားပိုင် Amava Apparel အထည်ချုပ်ဟာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းနေတာဖြစ်ပြီး စက်ရုံမှ ဂျပန်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ Kappa, Blak Lader, Lindex, Esmara စတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာလို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013