Home
မြန်မာသတင်း
ကိုရီးယား ရေအောက်ဥမင်လိုဏ်ခေါင်းလုပ်ငန်းခွင်တွင် မြန်မာအလုပ်သမား ၁ ဦး သေဆုံး
DVB
·
June 12, 2020
102952165_2273282659646498_53879922651697748_o
ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသား တစ်ဦးဟာ ပင်လယ်ရေအောက် ဥမင်လိုဏ်ခေါင်းလုပ်ငန်းခွင်မှာ ထိခိုက်မှုဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူရဲ့ အမည်ကိုတော့ အသက် ၃၅ နှစ်အရွယ် ကိုနိုင်မျိုးဦးလို့ ဖော်ပြပြီး သူဟာ ကိုရီးယားနိုင်ငံတောင်ပိုင်းမှာ AJU GEOTECH ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေတဲ့ ပင်လယ်ရေအောက် ဥမင်လှိုဏ်ခေါင်း လျှပ်စစ်ကေဘယ်လ်ကြိုးတွေ သွယ်တန်းတဲ့လုပ်ငန်းခွင်မှာ ည ဆိုင်းအလုပ်လုပ်ကိုင်နေချိန် ည ၁၀ နာရီခွဲလောက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ကိုနိုင်မျိုးဦးဟာ ဥမင်လှိုဏ်အတွင်း အသုံးပြုတဲ့ ဓာတ်ရထားကို မောင်းနှင်လုပ်ကိုင်ရသူ ဖြစ်ပြီး သူကိုယ်တိုင် မောင်းနှင်တဲ့ ရထားပေါ်မှ ပြုတ်ကျခဲ့ပြီးနောက်မှာ နောက်တွဲ ၂ တွဲကြား ညပ်ကာ သံလမ်းတလျှောက် မီတာ ၁၀၀၀ လောက်အထိ ညပ်ပါသွားပြီး ထိခိုက်သေဆုံးခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ လုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းစစ်ဆေး နေပြီး ရုပ်အလောင်းကိုတော့ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ဆန္ဒအရ ဇွန်လ ၁၄ ရက်နေ့မှာ Yeosu မြို့၊ သုဿန်မှာ သင်္ဂြိုဟ်ပေးမယ်လို့ ဆိုပါတယ်။ လတ်တလောကိုဗစ်ကာလမှာ သေဆုံးသူရဲ့ မိသားစုဝင်တွေ ကိုရီးယားနိုင်ငံကို လာရောက်ဖို့အတွက် အခက်အခဲတွေရှိနေတာကြောင့် ကိုရီးယားနိုင်ငံ မြန်မာအလုပ်သ မားသံအရာရှိအနေနဲ့ မိသားစုဝင်တွေကိုယ်စား နာရေးကိစ္စနဲ့ ဥပဒေပါရပိုင်ခွင့်တွေ ရရှိ နိုင်ရေးတွေအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။        သေဆုံးသူ ကိုနိုင်မျိုးဦးဟာ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကြာဘက်ကုန်းကျေးရွာသား ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024