
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ်မှာ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ မေ ၈ ရက်က ကျင်းပတဲ့ (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန်ကြေညာတာမှာ တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၀၀၀ ကျော် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရခဲ့တာ၊ နောက်ဆက်တွဲ အကျဉ်းသား ၁,၅၀၀ ကျော် ထပ်မံလွတ်မြောက်လာတာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်သို့ ပြောင်းရွှေ့ ပေးခဲ့တာကို အာဆီယံက ကြိုဆိုတယ်လို့ဆိုပါတယ်။
အကျဉ်းသားတွေ လွှတ်ပေးတာဟာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအကြား အားလုံးပါဝင်တဲ့ နိုင်ငံအဆင့် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ် အဖြစ် ရှုမြင်ပါကြောင်းနဲ့ ကျန်ရှိနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုချက်တွေကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အရှိန်မြင့်လာတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အနည်းငယ်ပဲရှိတာကို အလေးအနက် စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို အဓိကရည်ညွှန်းချက်အဖြစ် ဆက်လက်ထားရှိမယ်လို့လည်းဆိုပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက “မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းရာမှာ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် အာဆီယံ ခေါင်းဆောင်တွေက စိတ်ပျက်အားမလို အားမရ ဖြစ်နေကြတယ်”လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေအပေါ် ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အာဆီယံက ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့ အရပ်သားတွေရဲ့လုံခြုံရေးကို အာမခံဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့၊ အားလုံးပါဝင်တဲ့ နိုင်ငံအဆင့်ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက် အဆင်ပြေချောမွေ့တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် ထရီဆာလာဇာရိုရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ချီးကျူးဂုဏ်ပြုလိုက်ပြီး အထူးကိုယ်စားလှယ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံရဲ့ဆွေးနွေးဖက်နိုင်ငံတွေ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်း မိတ်ဖက် တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ကြောင်းနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ စုပေါင်းကြိုးပမ်းမှုတွေရဲ့ အရေးကြီးပုံ ကို အလေးပေး ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရေရှည်အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရေး အဆိုပြုချက်အပေါ် အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ အမြန်ဆုံး ပြီးမြောက်နိုင်ဖို့ မျှော်လင့်တယ် လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အပိုင်း ၃ ပိုင်းခွဲပြီးကျင်းပပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ပတ်သက်လို့တော့ အသိအမှတ်ပြု မပြုနဲ့ ပတ်သက်ပြီး အာဆီယံ ထုတ်ပြန်ချက်မှာ ဖော်ပြမထားဘဲ မှတ်သားထားတယ်လို့ပဲ ဖော်ပြထားပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ပါ နံပတ် ၄ အချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အားလုံးပါဝင် နိုင်ပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးကို ဆက်လက် ပံ့ပိုး ကူညီပေးဖို့ မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို အာဆီယံက တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးလည်း လူမှုအသိုက်အဝန်းအားလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့ နေရပ်စွန့်ခွာရသူတွေ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာ၊ မိမိတို့ရဲ့ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး အတွက် မြန်မာနိုင်ငံရဲ့ ကတိကဝတ်အပေါ် ထောက်ခံအားပေးတယ်လို့လည်း အာဆီယံ ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံရဲ့ သဘောထားကြေညာချက်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ဘက်ကတော့ ပြန်လည်တုံ့ပြန် ပြောဆိုတာမရှိသေးပါဘူး။










