Home
မြန်မာသတင်း
စစ်တွေမြို့နယ်တွင် တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ
DVB
·
June 11, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှာ ဇွန်လ ၁၀ ရက်နေ့က တပ်မတော်ရေယာဉ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာရှိ အဘွားအို ၁ ဦး သေဆုံးပြီး ကျောင်းသူ ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ညက တပ်မတော်ရေယာဉ်မှ ကျေးရွာအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်ဝရန်တာမှာအိပ်ပျော်နေတဲ့ ညီအစ်မနှစ်ဦးထဲက အမအကြီးဖြစ်တဲ့ မနန္ဒာဝင်း(၇)တန်း ကျောင်းသူမှာ ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တွေဆေးရုံမှာ ဆေးကုသ မှုခံယူနေရတယ်လို့ မိခင် ဒေါ်အေးအေးကြည်က ပြောပါတယ်။ “ည ၁၂ နာရီလောက်မှာပေါ့ ရေတပ်ကနေပြီးပစ်လို့လာတယ်။ ကျမတို့က ပထမ ရဲစခန်းကနေပြီး ပစ်တာလို့ထင်တယ်။ ကျမတို့ အိမ်က လမ်းထိပ်မှာ ဖြစ်နေတာဆိုတော့ သမီး နှစ်ယောက်က ၀ရန်တာမှာအိပ်နေတဲ့အချိန်မှာ လက်နက်ကြီးကျတော့ အစွန်မှာအိပ်နေတဲ့ အစ်ကြီးမကို သွားထိတာပေါ့၊ ဒဏ်ရာကတော့ ခေါင်းရယ် ၊ လည်ပင်းနဲ့ လက်မောင်းတို့ကို ထိသွားတာပေါ့။”လို့ ပြောပါတယ်။ ဒါ့အပြင် ရွာမှာရှိတဲ့ အသက် ၈၀ ကျော်အရွယ်  အဘွားအိုတစ်ဦးသေဆုံးသွားပြီး  အသက် ၄၀ ကျော်အရွယ် ၁ ဦးနဲ့  ကျေးရွာနေသူ တချို့ဒဏ်ရာရတယ်လို့လည်း သိရပါတယ်။  ဇွန် ၉ ရက်ညက စစ်တွေမြို့မှ ပုဏ္ဍားကျွန်းမြို့ဘက်သို့ မြင်းဝါချောင်းအတိုင်း ထွက်ခွာလာတဲ့ တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးကို  အမြင့်ကျွန်းကျေးရွာအနီးမှာ အေအေအဖွဲ့က  လက်နက်ကြီး/လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ အေအေအဖွဲ့အနေနဲ့ တပ်မတော်ရေယာဉ်တွေ လာပါက ငါးဖမ်းပိုက်တွေကို အရပ်သား အယောင်ဆောင်ပြီး ချထားလေ့ရှိသလို သင်္ဘောကမ်းကပ်လာတဲ့အခါမှာ အခုလို တိုက်ခိုက်မှုမျိုးတွေ လုပ်လေ့ရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကိုပြောထားပါတယ်။ တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တဲ့အခါမှာတော့   အရပ်သား သေဆုံးတယ်ဆိုပြီး အေအေဘက်က ထုတ်ပြန်ပြောဆိုလေ့ရှိတယ်လို့လည်း ပြောပါတယ်။ သတင်း- နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024