
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံဟာ အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် ဖြစ်လာနိုင်တယ်လို့ အောက်တိုဘာ ၂၇ ရက်က ပြောပါတယ်။
တက္ကဆက်ပြည်နယ်၊ ကော်ပတ်စ်ခရစ္စတီဆိပ်ကမ်းမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ဗင်နီဇွဲလားက ရေနံတင်သင်္ဘောတစင်းကို ပြသရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောမှာ ဗင်နီဇွဲလားက ရေနံစည် တသန်း တင်ဆောင်ထားတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
“ဗင်နီဇွဲလားကို ၅၁ ခုမြောက် ပြည်နယ်အဖြစ် လုပ်လိုက်ကြစို့၊ သမ္မတအစား ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကြတာပေါ့” လို့လည်း ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဟာ ဇန်နဝါရီလက ဗင်နီဇွဲလားကို စစ်ရေးအရ တိုက်ခိုက်ပြီး သမ္မတ နီကိုလတ်စ် မာဒူရိုကို ဖမ်းဆီးခဲ့ပါတယ်။အဲဒီနောက် ဗင်နီဇွဲလား ကြားဖြတ်အစိုးရနဲ့ ရေနံဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပါတယ်။
ဒီသဘောတူညီချက်အရ ဗင်နီဇွဲလားက ရေနံတွေကို တက္ကဆက်ပြည်နယ်မှာ သန့်စင်မှာ ဖြစ်ပါတယ်။ ရေနံတင်ပို့မှုအတွက် အမေရိကန်အခွန်ထမ်းတွေ ကုန်ကျစရိတ်မရှိဘူးလို့လည်း ထရမ့်က အခိုင်အမာ ပြောပါတယ်။
ဒီရေနံသဘောတူညီချက်ကြောင့် အမေရိကန်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ ကျဆင်းလာမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။ အီရန်နဲ့ စစ်ပွဲကြောင့် အမေရိကန်မှာ လောင်စာဆီဈေးတွေ မြင့်တက်နေချိန်၊ နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











