DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ မည်သူ့ဆီက ကူးမှန်းမသိသူများ ရှိနေသဖြင့် ပြည်သူများ မပေါ့ဆရန် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးမှူးပြော
DVB
·
June 10, 2020
ကိုဗစ်-၁၉ မည်သူ့ဆီက ကူးမှန်းမသိသူများ ရှိနေသဖြင့် ပြည်သူများ မပေါ့ဆရန် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးမှူးပြော
Donate to DVB

အခုရက်ပိုင်း အတည်ပြုလူနာတချို့မှာ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့အပြင် လူနာတွေနဲ့ မထိတွေ့ဘဲ ကူးစက်ခံရတာကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆသင့်ဘဲ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို အတိအကျလိုက်နာဖို့လိုကြောင်း ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၉ ရက်နေ့ညထုတ်ပြန်ချက်ထဲက အတည်ပြုလူနာနှစ်ဦးထဲက တစ်ဦးမှာ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှာ အသွားအလာကန့်သတ်ထားရာက ရောဂါပိုးတွေ့ရှိတာ ဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ မထိတွေ့တဲ့အပြင် ပြည်ပခရီးသွားရာဇဝင်လဲမရှိကြောင်း၊ ဒါကြောင့် သူအပါအဝင် ရှမ်းပြည်နယ်အတွင်း ဘယ်ကကူးလို့ ကူးမှန်းမသိတဲ့ အတည်ပြုလူနာ ၂ ဦးရှိလာပြီဖြစ်ပါတယ်။

ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က “ဒါက လူတွေပေါ့သွားလို့မရဘူး။ ကိုယ့်ရဲ့ပြည်တွင်းထဲမှာလည်း ကူးစက်နိုင်မှုတွေက ရှိနေတာပေါ့။ အခုဟာက သူလည်း နိုင်ငံခြားလည်းသွားတာမဟုတ်။ အတည်ပြုလူနာတွေနဲ့လည်း မထိတွေ့ခဲ့ဘူးဆိုတော့ သူဘယ်ကကူးလာတယ်ဆိုတာ ရှာဖို့ ခက်တဲ့အပိုင်းဖြစ်နေပါတယ်။ မူဆယ်ဆိုလည်း အဲလိုပါဘဲ။ အခုဒီလူလည်း သူ့နဲ့ထိတွေ့သူတွေက နည်းနည်းလေးတော့ များမယ်။”လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မှာတော့ မနေ့ကတွေ့တဲ့ လူနာနံပါတ် ၂၄၅ အပါအဝင် အတည်ပြုလူနာ ၁၀ ဦးရှိလာပြီပါတယ်။

ဒီအတည်ပြုလူနာတွေကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ၃ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ၃ ဦးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ၄ ဦးဖြစ်ပါတယ်။ ဒီအတည်ပြုလူနာ ၁၀ ဦးထဲက ၇ ဦးကတော့ ရောဂါပိုးကင်းစင်သွားပြီဖြစ်ပါတယ်။

“အဓိကက ကာကွယ်ရေးက ဆက်လုပ်ရမှာပေါ့နော်။ တချို့ကလည်း ဖြေလျှော့တဲ့အပိုင်းတွေလည်း ရှိတော့ နည်းနည်းလျော့တဲ့အပိုင်းတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့လည်း ပြည်သူလူထုထဲမှာ အန္တရာယ်က ရှိနေသေးတယ်။ ကူးစက်နိုင်မှုတွေ ရှိနေသေးတယ်။ အဓိကတော့ Social Distancing ပေါ့။ နှာခေါင်းစည်း တပ်တာရယ်။ အဲဒါလေးတွေကတော့ သူတို့ လိုက်နာဖို့လိုပါမယ်”လို့  ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဇွန်လ ၁၀ ရက်မနက်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၄၆ ဦးရှိလာနေပြီး ပြန်လည်သက်သာလာသူ ၁၅၉ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

အတည်ပြုနာတွေကို နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာတွေ့ရှိထားပြီး ကယားပြည်နယ်မှာတော့ အတည်ပြုလူနာမတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013