
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြည်ပကပြန်လာသူတွေနဲ့ ရန်ကုန်မြို့ရှိ ကန့်သတ်ထားတဲ့ မြို့နယ်တချို့မှ ပြန်လာသူတွေကိုသာ (Facility Quarantine) ထားရှိသွားမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျန်တဲ့တိုင်းနဲ့ပြည်နယ်က ပြန်လာသူတွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါရှိပါက (Home Quarantine) ထားရှိပေးသွားမယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံခြားကပြန်လာသူတွေအနေနဲ့ကတော့ သက်ဆိုင်ရာ ဒေသကဝင်လာတဲ့အချိန်မှာ ၂၁ ရက် မဝင်ခဲ့ရသေးဘူးဆိုရင်တော့ ဒီရောက်လို့ရှိရင် Facility Quarantine ၂၁ ရက် ဝင်ရမှာပေါ့၊ နောက်ပြီးတော့ (Stay at Home) အစီအစဉ်တွေ မဖျက်သေးတဲ့ ရန်ကုန်မြို့နယ်က အင်းစိန်၊ မရမ်းကုန်းပေါ့။ အဲဒီမြို့နယ်တွေက လာတဲ့သူတွေဆိုရင် ဒီမှာပဲ (FQ) ၂၁ ရက် ဝင်ရမယ်။”
ကျောက်ဖြူမြို့မှာ Facility Quarantine စင်တာတွေအဖြစ် ပညာရေးကောလိပ်မှာ ၄ ခု၊ မြင်းပြင်အိမ်ရာမှာ ၁ ခု စုစုပေါင်း ၅ ခုဖွင့်လှစ်ထားပြီး နိုင်ငံခြားမှ ပြန်လာသူတွေနဲ့ ပြည်တွင်းမှ ပြန်လာသူ စုစုပေါင်း ၁၁၈ ဦးကို အသွားအလာကန့်သတ်ထားရှိပါတယ်။











