DVB Logo
Home
မြန်မာသတင်း
ခွပ်ဒေါင်းအလံ ဆက်လက်အသုံးမပြုရန် ဗကသများအဖွဲ့ချုပ်က အန်အယ်လ်ဒီကို သတိပေး 
DVB
·
June 9, 2020
ခွပ်ဒေါင်းအလံ ဆက်လက်အသုံးမပြုရန် ဗကသများအဖွဲ့ချုပ်က အန်အယ်လ်ဒီကို သတိပေး 
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ)များအဖွဲ့ချုပ်ရဲ့ မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအမှတ်တံဆိပ်ကို ဆက်မသုံးဖို့ ဗကသအဖွဲ့က ပြင်းပြန်းထန်ထန် သတိပေးလိုက်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီကို မနေ့က စာနဲ့ပေးပို့ သတိပေးလိုက်တာပါ။

ခွပ်ဒေါင်းအောင်လံတော်ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ စတင် တည်ထောင်တဲ့ ၁၉၃၆ ခုနှစ်ကတည်းက ဗကသရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်ပြီး လက်ရှိမှာလည်း တရားဝင်ပိုင်ဆိုင်နေတုန်းဖြစ်တယ်လို့ ဒီစာမှာ ဖော်ပြထားပါတယ်။

အနီရောင်အောက်ခံမှာ စက်ဝိုင်းကို ခြေတဖက်နဲ့နင်းပြီး ခြေတဖက် တိုးထွက်နေတဲ့ အဝါရောင် ခွပ်ဒေါင်းနဲ့ စက်ဝိုင်းဒီဇိုင်းကို ဦးဘဂျမ်းက ရေးဆွဲခဲ့တာဖြစ်ပြီး အန်အယ်လ်ဒီပါတီရဲ့ တံဆိပ်မှာကတော့ စက်ဝိုင်းမပါပါဘူး။

ဒါပေမယ့် မူရင်းပုံရဲ့စက်ဝိုင်းအနားသတ်မျဉ်းတွေဟာ အန်အယ်လ်ဒီရဲ့ တံဆိပ်မှာ ရှိနေတုန်းပဲ လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။

အန်အယ်လ်ဒီပါတီနဲ့ ပါတီဝင်အများစုဟာလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ကျောင်းသားပြည်သူတွေနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပေမဲ့ ၂၀၁၄ ခုနှစ်က လွှတ်တော်ထဲမှာ ကျောင်းသားသမဂ္ဂတရားဝင်ရပ်တည်ရေးကို ဆွေးနွေးတုန်းက အန်အယ်လ်ဒီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တယောက်က ကန့်ကွက်မဲပေးခဲ့တယ်လို့ ဗကသက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း အန်အယ်လ်ဒီအာဏာရလာခဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကို ပျောက်ကွယ်စေလိုတဲ့ သဘောနဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(နကသ) ကို တရားဝင် ဖွဲ့စည်းခဲ့တာ၊ အခု အသစ်ရေးဆွဲလိုက်တဲ့ ဒသမတန်းမြန်မာစာ ပြဋ္ဌာန်းစာအုပ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂဆိုတဲ့ အမည်မှန်အစား မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့ ဖော်ပြပြီး ဗကသရဲ့ သမိုင်းကို ဖျောက်ဖျက်ချင်တဲ့ပုံစံနဲ့ ပြောင်းလဲရေးသားလာတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဗကသများအဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်သူလူထုအရေးအတွက် သမိုင်းမှာ အသက်စတေးခဲ့တဲ့ သမဂ္ဂကျောင်းသားတွေ၊ ရှစ်လေးလုံးထူထုအရေးတော်ပုံကနေ အကြပ်အတည်းကာလတလျှောက် အန်အယ်လ်ဒီပါတီရှင်သန်ရေး အကူအညီပေးခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ကျေးဇူးကို စော်ကားတာလို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။

ပြီးတော့ လက်ရှိမှာ စစ်အာဏာရှင်စနစ်ရှိနေသေးပြီး အန်အယ်လ်ဒီပါတီဟာလည်း အဲဒီ စနစ်ကို သက်ဆိုးရှည်စေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ဒူးထောက်ဝင်ထားတယ်လို့ လည်း ဆိုပါတယ်။

အန်အယ်လ်ဒီဗဟို  ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်က ခုလို ဗကသက ပါတီအလံကို ကန့်ကွက်တဲ့အပေါ်  ပြန်လည် တုံ့ပြန်စရာမရှိပါဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။ 

“အဲဒါကတော့ မဆိုင်ပါဘူးဗျာ ဒါတွေက၊ ဒီခွပ်ဒေါင်းအလံကတော့ သူ့အစဉ်အလာရှိတဲ့ အလံပဲ အန်အယ်လ်ဒီက ဒီအလံကို စပြီးတော့ အသုံးပြုတယ်ဆိုကတည်းက သူ့ရဲ့ ရည်ရွယ်ချက် ဘာတွေရှိတယ်။ ဘာကြောင့်သုံးတယ်ဆိုတာ ပါတီရဲ့ဖွဲ့စည်းပုံထဲမှာပါလည်း ပြီးသားပါ၊ ပြန်တုံ့ပြန်ဖို့ မရှိပါဘူး။ ဒါတွေက အကုန်လုံးသိနေတာပဲ၊ ပြည်သူလူထုကလည်း သိနေတာပဲ။ ပြန်ပြီးမတုံ့ပြန်ပါဘူး”

ပါတီရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အလံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ခွပ်ဒေါင်းဟာ ဒီမိုကရေစီ အရေးမှာ ဦးဆောင်ခဲ့တဲ့ ကျောင်းသားလူငယ်မျိုးဆက်သစ်တွေရဲ့ အားမာန်ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဗကသအဖွဲ့ချုပ်ကတော့ သမ္မတအပါအဝင် အစိုးရတရပ်လုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကြရမှာဖြစ်ပြီး ဒါဟာ စစ်အာဏာရှင်တွေရဲ့ ကြိုးဆွဲရာ ကနေရတာဖြစ်လို့ ခွပ်ဒေါင်းအောင်လံတော်ကိုသုံးနေတာဟာ အောင်လံတော်ရဲ့ ဂုဏ်ကို ညှိုးနွမ်းစေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ခွပ်ဒေါင်းအောင်လံတော်ရဲ့ ခွပ်ဒေါင်းအမှတ်တံဆိပ်ကို အန်အယ်လ်ဒီပါတီရဲ့ အလံမှာ သုံးတာကို ရပ်စဲဖို့အတွက် ဗကသများအဖွဲ့က အန်အယ်လ်ဒီကို အသိပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013