DVB Logo
Home
Lead Story
“ကျောင်းသားနှင့် ပြည်သူ စုစည်းမှုအင်အားက စစ်အာဏာရှင်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်” ဗကသများအဖွဲ့ချုပ်   
DVB
·
May 8, 2024
“ကျောင်းသားနှင့် ပြည်သူ စုစည်းမှုအင်အားက စစ်အာဏာရှင်ရဲ့ ထိုင်ခုံကို ကိုင်လှုပ်နိုင်တယ်” ဗကသများအဖွဲ့ချုပ်   
Donate to DVB

၂၀၂၄ ခုနှစ် မေ ၈ ရက်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း  ၈၈ နှစ်ပြည့်နေ့ ဖြစ်ပါတယ်၊ သမိုင်းအစဉ်အလာကြီးမားတဲ့ ဗကသကျောင်းသား ရဲဘော်တွေက ခေတ်အဆက်ဆက် အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီတိုက်ပွဲတွေတိုင်းမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ 

ဗကသရဲ့ သမိုင်းကြောင်းတွေနဲ့ လူထုနဲ့တသားတည်းရှိနေခဲ့တဲ့ ဗကသ ရဲဘော်ဟောင်း၊ ရဲဘော်သစ်တွေရဲ့ ရပ်တည်ချက်တွေကို သိရဖို့အတွက် ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီက မခင်နီကို DVB သတင်းထောက် ဝေဝေက ဆက်သွယ်မေးမြန်းထားပါတယ်။ 

(အပြည့်အစုံ)—

မေး- အရင်ဆုံး ဗကသများအဖွဲ့ချုပ် ၈၈ နှစ်တာ ဖြတ်သန်းမှုတွေအတွက် ဂုဏ်ပြုအမှတ်တရ စကား ပြောပေးပါ။

ဖြေ။ “သမိုင်းမှာ ဗကသကများအဖွဲ့ချုပ်က နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကတည်းကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးကာလကနေ အခု အာဏာရှင်ဆန့်ကျင်ရေး ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကျောင်းသားထုက အဖိအနှိပ်ခံလူထုနဲ့ တသားတည်း ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်ခဲ့ပါတယ်။ စစ်အာဏာရှင်တွေကသာ တယောက်ကျ တယောက်တက်နဲ့ တခေတ်ပြီး တခေတ် ပြောင်းသွားကြတယ်။ ဒီအာဏာရှင်တွေကပဲ ဒီကျောင်းသားတွေကို ရန်သူလို သဘောထားပြီးတော့ ချေမှုန်းတာတွေကို ရက်စက်သထက် ရက်စက်အောင် ပြုလုပ်လာကြတယ်။ ဒီလို သမိုင်းအဆက်ဆက်မှာ ဘယ်လို ဖိနှိပ်မှုတွေပဲ ကြုံရကြုံရ ကျောင်းသားထုရဲ့ ရပ်တည်ချက် ဗကသရဲ့ ရပ်တည်ချက်က လုံးဝ မပြောင်းလဲဘဲ အာဏာရှင်ဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ရပ်တည်ခဲ့တာ အခုထိ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆင်ရင်းနဲ့ ကျမတို့ဘက်က အဆုံးအရှုံးတွေ များခဲ့သလို အောင်ပွဲတွေလည်း ဆင်နိုင်ခဲ့ပါတယ်။”

မေး။ ဗကသအဖွဲ့ဝင်တွေ ကျောင်းသားရဲဘော်တွေက လက်ရှိတော်လှန်ရေးမှာ ဘယ်လို တထောင့် တနေရာတွေမှာ ပါဝင်လှုပ်ရှား တော်လှန်နေပါသလဲ။

ဖြေ- “ဗကသရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်တာ ဖိနှိပ်ခံလူထုအတွက် တိုက်ပွဲဝင်တာ လူထုကို အလုပ်အကျွေးပြုတာတွေက မိခင်သမဂ္ဂကို အလုပ်အကျွေးပြုသလိုပါပဲ။ လက်ရှိမှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အရမ်းရက်စက်တဲ့ ဖိနှိပ်မှုတွေက ဗသကသမိုင်းတလျှောက် တွေ့ကြုံဖူးသမျှတွေထဲမှာ အဆိုးဝါးဆုံး အခက်ထန်ဆုံး အချိန်တွေပါပဲ။ ဒါတောင်မှ ဗကသရဲဘော်တွေဟာ ကျရာနေရာ ရောက်ရာဒေသမှာ သူတို့ အသက် သွေး ချွေးတွေကို ရင်းပြီးတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို လုပ်ဆောင်နေကြတာပါ။ ဗကသရဲဘော်ဟောင်းတွေရော လက်ရှိ မျိုးဆက်သစ်ရဲဘော်တွေရော နောက်ကျဆုံးသွားတဲ့ ရဲဘော်တွေရော တယောက်ချင်းစီက နောက်မဆုတ်ဘဲ တိုက်ပွဲဝင်နေတာကို ကျမတို့အနေနဲ့ အရမ်းကို ဂုဏ်ယူစွာ မြင်တွေ့ရတာ ဖြစ်ပါတယ်။”

မေး။ အစဉ်အလာသမိုင်းကြောင်း ကြီးမားတဲ့ ဗကသတွေက ၂၀၂၁ နွေဦးတော်လှန်ရေးမှာ တခြား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ လက်နက်ကိုင်ဖို့ ရွေးချယ်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ။ “ ဗကသအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့သူတွေ၊ အဖွဲ့အစည်းတွေကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလမ်းကြောင်းပေါ်မှာ အတူတူပဲ လျှောက်လှမ်းနေကြတဲ့ လက်တွဲရမယ့် တော်လှန်ရေးမဟာမိတ်တွေအဖြစ်နဲ့ သဘောထားပါတယ်။ ကျမတို့ ဗကသအနေနဲ့ ဦးတည်လှုပ်ရှားနေတဲ့ လူထုလှုပ်ရှားမှုတွေ ဆိုရင်လည်း ဒီလက်နက်ကိုင်တော်လှန်ရေးနဲ့ စနစ်တကျ ပေါင်းစပ်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ်လို့ကျမတို့က ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။”

မေး။ ဗကသ ဦးဆောင်တဲ့ မြေပေါ် မြေအောက်လှုပ်ရှားမှုတွေကို လူထုအနေနဲ့ အများအပြား မျှော်လင့်နေတာမျိုးရှိတော့ လက်ရှိ ဦးဆောင်လုပ်ကိုင်နေတာတွေ ပြောနိုင်သလောက် ပြောပြပေးနိုင်လား။

ဖြေ။ “စစ်တပ်ရဲ့ ဖိနှိပ်မှု သမိုင်းတလျှောက်မှာ ဒီကာလက အပြင်းထန်ဆုံးပါပဲ၊ ဒါကြောင့်မို့လို့ပဲ ဗကသအနေနဲ့က လုံခြုံရေးကို အထူးတင်းကျပ်ထားပြီးတော့ ‌မြေအောက်ပုံစံနဲ့ပဲ လှုပ်ရှားနေပါတယ်။ ကျမတို့အဖွဲ့အနေနဲ့ လူထုလှုပ်ရှားမှုကို ယုံကြည်ပါတယ်။ ဒီလမ်းပေါ်မှာပဲ လျှောက်လှမ်းနေပါတယ်။ အခုဆို လူထုက စစ်ကောင်စီတပ်တွေရဲ့ မုဒိန်းကျင့် လူသတ် ရွာမီးရှို့ စတဲ့ စစ်ဒဏ်တွေကို ရင်ဆိုင်နေရတယ်။ တဖက်မှာ စစ်မီး၊ တဖက်မှာ စီးပွားရေး၊ လူမှုရေး နိုင်ငံရေး အထွေထွေအကျပ်အတည်းတွေ ရှိနေတဲ့အချိန်မှာ အခုဆိုရင် စစ်မှုထမ်းဥပဒေဆိုပြီး ဖက်ဆစ်စစ်တပ်အတွက်ကို စတေးခံဖို့အတွက် လိုက်ပြီးတော့ ဆင့်ခေါ်ခံနေရတယ်။ ရပ်ကွက်တွေ ကျေးရွာတွေထဲမှာ လူထုက ဒေါသထွက်နေကြတာ၊ ခံပြင်းနေကြတာ၊ ဒါတွေကို နေ့စဉ် ကျယ်ကျယ်လောင်လောင်ကို ကြားနေရတာပါပဲ ဒီလိုမျိုး စစ်ကောင်စီအပေါ် လူထုရဲ့ ခံပြင်းဒေါသသံတွေက တသီးတသန့် ထွက်ပေါ်လာတာ မဟုတ်ဘဲ တစုတစည်းတည်း ထုနဲ့ထည်နဲ့ ထွက်ပေါ်လာတဲ့ အသံတွေဖြစ်ဖို့ လိုအပ်ပါတယ်၊ လူထုတရပ်လုံးပါဝင်တဲ့ သပိတ်လှုပ်ရှားမှု အထိကို ပေါ်ပေါက်လာဖို့ လိုအပ်ပါတယ်။”

“ဒါကြောင့်မလို့ ကျမတို့အနေနဲ့ ရန်ကုန်နဲ့ တခြားဒေသ အသီးသီးမှာ ဆန္ဒပြပွဲတွေ၊ လူထုဆွေးနွေးဟောပြောပွဲတွေ အိုးဝေစာစောင် လစဉ်ဖြန့်ဝေတာတွေနဲ့ အတူ စည်းရုံးရေးတွေ လုပ်ဆောင်နေပါတယ်၊ တဖက်မှာလည်း လက်ရှိ နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းနေတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဗကသအနေနဲ့ မဟာမိတ်အဖြစ်နဲ့ သဘောထားပြီးတော့ တူတာတွဲလုပ်၊ မတူခွဲလုပ် ဆိုတဲ့မူနဲ့ ပေါင်းစည်းလုပ်ကိုင်ဖို့ ကြိုးစားနေပါတယ်၊ ဒီလိုမျိုးပေါင်းစည်းလုပ်ကိုင်မှုကမှ တဆင့် တပ်ပေါင်းစုတရပ်အနေနဲ့ ပေါ်ထွက်လာပီးတော့ စစ်အာဏာရှင်ကို အင်တိုက်အားတိုက် တွန်းလှန်တိုက်ခိုက်သွားဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။”

မေး။ ဗကသ ဆက်လက် ရပ်တည်ကိုင်စွဲသွားမယ့် တော်လှန်ရေး ရပ်တည်ချက်တွေအကြောင်း အနည်းငယ်လောက် ရှင်းပြပေးပါ။

ဖြေ။ “လူထုရဲ့ စစ်ဘေး အငတ်ဘေးတွေနဲ့ လူမှုရေး စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းတွေ နောက်ဆုံး အမြဲတစေ ပူပန်နေရတဲ့အသက်အန္တရာယ်စိုးရိမ်ပူပန်နေရတာတွေ ဒါတွေအားလုံးရဲ့ လက်သည်တရားခံက စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒါကိုဖြုတ်ချပြီးတော့ ဖိနှိပ်ခံ ပြည်သူလူထုနဲ့အတူ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွက် တိုက်ပွဲဝင်သွားဖို့က ဗကသရဲ့ ရပ်တည်ချက်ပဲ ဖြစ်ပါတယ်။”

မေး- ဗကသများအဖွဲ့ချုပ်အနေနဲ့ လူထုကို တခြားဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ- “ဖက်ဆစ် စစ်တပ်က ကျောင်းသားထု စုစည်းနိုင်သွားမှာ ကျောင်းသားထုက လူထုနဲ့ ပူးပေါင်းစုစည်းနိုင်သွားမှာ ဒါတွေကို အရမ်းကြောက်ပါတယ်၊ ကျောင်းသားနဲ့ ပြည်သူ ပြည်သူနဲ့ ကျောင်းသား ဒီနှစ်ခုရဲ့ စုစည်းမှုအင်အားက စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံကိုတောင် ကိုင်လှုပ်နိုင်ပါတယ်။ အဲတာကိုသူတို့လည်းသိတယ်၊ ကျမတို့က စစ်တပ်ကို ရန်သူလို ပြတ်ပြတ်သားသား သဘောထားပြီး ကျရာနေရာ ကျရာအခန်းကဏ္ဍကနေ တက်စွမ်းသမျှ ပါဝင်ကြဖို့ ကျမတို့ ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးမှာ မပါဝင်သေးတဲ့ သူတွေကိုလည်း စည်းရုံးပြီးတော့ ပါဝင်နေတဲ့သူတွေကိုလည်း ခိုင်မာကျစ်လျစ်တဲ့ အင်အားစုအဖြစ်နဲ့ မဟာမိတ်တွေ စုစည်းကြရင်း တပ်ပေါင်းစုအဖြစ် တက်လှမ်းကြဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ ပြည်သူလူထုတရပ်လုံးကို ဒီနေရာကနေ တိုက်တွန်းချင်ပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ မူလ မူ ၅ ချက်ကို ၈ ကြိမ်မြောက် ညီလာခံအပြီးမှာ တချက် ထပ်မံဖြည့်စွက်လိုက်ပြီး အချက်  ၆ ချက်ရှိပါတယ်။

အမျိုးသားရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထု အခွင့်အရေးကာကွယ်ရေးနဲ့ နိုင်ငံတကာကျောင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေးစတဲ့ မူ ၆ ချက်နဲ့ လူထုနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးမှာ တော်လှန်ရင်း ကျဆုံးသွားတဲ့ ဗကသ ရဲဘော် ၁၇ ယောက် ရှိတယ်လို့လည်း သိရပါတယ်၊

ဝေဝေ / Photo- ABFSU

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013