DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ယခုနှစ်ဆက်လက်အရှုံးပေါ်နေဦးမည်
DVB
·
June 8, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ယခုနှစ်ဆက်လက်အရှုံးပေါ်နေဦးမည်
Donate to DVB

လျှပ်စစ်ဓာတ်အားအသုံးပြုခတွေကို ပြီးခဲ့တဲ့နှစ်ကစပြီး တိုးမြှင့်ကောက်ခံခဲ့ပေမယ့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဆက်လက် အရှုံးပေါ်နေဦးမှာဖြစ်တယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဇွန်လ ၈ ရက်က ပြုလုပ်တဲ့ လက်ရှိအစိုးရရဲ့ စတုတ္တနှစ်တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

နှစ်စဉ် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ငွေအမြောက်အမြား စိုက်ထုတ်သုံးစွဲရပြီး အရှုံးပေါ်ခဲ့တဲ့ အတွက် ဓာတ်အားအသုံးပြုခတွေကို မြှင့်တင်ကောက်ခံခဲ့ပြီး အခုနှစ်အတွက် မူလခန့်မှန်းချေမှာ ကျပ်ငွေ ၃၂ ဘီလီယံလောက် အမြတ်ရနိုင်မယ်လို့ ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်နဲ့စွမ်းအင် အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက" အရင်တုန်းက တစ်နှစ်ကို ဘီလီယံ ၇၀၀ လောက်၊ တနေ့ကို ၂ ဘီလီယံကျပ်လောက် နိုင်ငံတော်ကနေ စိုက်ထုတ်ပြီးတော့ ရှုံးနေတယ်ဆိုတာ ခင်ဗျားတို့ကြားဖူးပြီးသား၊ ဒါကြောင့်မို့ ကျနော်တို့ ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာ စတင်ပြီးတော့ ဓာတ်အားဈေးနှုန်းတွေပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအတွက် မြတ်တယ်လို့ မပြောလိုပါ ဘူး။ ရှုံးတော့ရှုံးပါတယ်။ ဒါပေမယ့် အရှုံးနည်းသွားပါတယ်။ အရင်လိုတော့ မရှုံးတော့ပါဘူး။ အရှုံးနည်းသွားနိုင်တယ်ဆိုပေမယ့် တစ်နှစ်လုံးမှာတော့ ကျပ်ငွေ ဘီလီယံ တစ်ရာ၊ နှစ်ရာခန့်ရှုံးနိုင်ချေရှိနေတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

အခုလို အရှုံးပေါ်ရခြင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလဖြစ်တဲ့အတွက် ဖြေလျှော့မှုတွေ လုပ်ပေးခဲ့ရသလို ဓာတ်အားထုတ်လုပ်မှုကလည်း ရေအားလျှပ်စစ်တစ်ခုထဲနဲ့ မလုံလောက်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

"ရေအားလျှပ်စစ်ကလည်း သူတတ်နိုင်သလောက်မောင်းပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ သိတဲ့အတိုင်းပဲ ရေတွေက ဆည်တွေမှာ ဆိုရင် မိုးမရွာတဲ့အတွက် နည်းလာတဲ့အတွက် လာမယ့်မိုးတွင်းနဲ့ တဆက်တည်းဖြစ်သွားအောင် ရေကို ထိန်းညှိပြီးမောင်းနေရတဲ့ အတွက် ဒီအပေါ်မှာ သဘာဝဓါတ်ငွေ့က ပိုတိုးပြီးမောင်းနေရတဲ့အတွက် ပိုပြီးတော့ အနည်းငယ် ရှုံးတာမျိုးတွေရှိပါတယ်။ ကျနော်တို့ အမှန်အတိုင်းရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်။" လို့လည်း ဦးတင်မောင်ဦးက ပြောပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အခုနှစ်အတွင်းမှာ ပြည်သူတွေရဲ့ ဓာတ်အားအသုံးပြုမှု မြင့်တက်လာတဲ့အတွက် ဓာတ်အားပိုမိုထုတ်လုပ်ပေးခဲ့ရပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ တနေ့ကို ၃၆၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပေးခဲ့ရတာဖြစ်ပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

PHOTO-MOEE

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013