
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး အလီရီဇာ တန်စီရီကို အစ္စရေးစစ်တပ်က သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က မတ် ၂၆ ရက်မှာ ပြောပါတယ်။
အစ္စရေးကတော့ ဒီစစ်ဆင်ရေးဟာ တိကျပြတ်သားပြီး ထိရောက်တဲ့ စစ်ဆင်ရေးတခုဖြစ်ပြီး တန်စီရီနဲ့အတူ တခြား ရေတပ်အရာရှိကြီးတွေကိုပါ သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တန်စီရီဟာ ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို မိုင်းထောင်တာ၊ ပိတ်ဆို့တာတွေလုပ်ဖို့ တိုက်ရိုက်တာဝန်ရှိသူဖြစ်လို့ အခုလို နှိမ်နင်းလိုက်တာဟာ အီရန်ခေါင်းဆောင်ပိုင်းကို ပေးလိုက်တဲ့ ပြတ်သားတဲ့ သတိပေးချက်ပဲလို့ အစ္စရေးလ်ကတ်ဇ်က ပြောပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီးကတော့ သူတို့အနေနဲ့ စစ်ပွဲရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်တဲ့အထိ အီရန်နိုင်ငံထဲမှာ အစွမ်းကုန် စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ အခိုင်အမာ ပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး အီရန်အစိုးရဘက်ကတော့ ချက်ချင်း တုံ့ပြန်အတည်ပြုတာ မရှိသေးပါဘူး။
တန်စီရီဟာ ၂၀၁၈ ခုနှစ်ကတည်းက အီရန်ရေတပ်ကို ဦးဆောင်လာတဲ့ အတွေ့အကြုံရင့်သူတယောက်ဖြစ်ပြီး မကြာသေးခင်ကမှ ဟော်မုဇ်ရေလက်ကြားကို ရန်သူတွေအတွက် ပိတ်ပစ်မယ်လို့ ကြုံးဝါးခဲ့သူလည်း ဖြစ်ပါတယ်။
ကြာသပတေးနေ့က အီရန်ဟာ အစ္စရေးနိုင်ငံကို ဒုံးကျည်များစွာ အကြိမ်ကြိမ် ပစ်လွှတ်ခဲ့တာကြောင့် တဲလ်အဗစ် အပါအဝင် နေရာအတော်များများမှာ လေကြောင်းရန် သတိပေးဥသြသံတွေ ဆူညံသွားခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးစစ်တပ်ကလည်း အီရန်နိုင်ငံအတွင်းက အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အကြီးအစား လေကြောင်းတိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters











