
လက်ရှိ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ မြို့တချို့မှာ ယာယီစွန့်ခွာရမှုတွေ အခက်အခဲတွေ ရှိနေပေမဲ့ အပြီးသတ်အောင်ပွဲသို့ ရောက်ရှိတဲ့အထိ စိတ်ဓာတ်မကျဘဲ ဆက်လက်တိုက်ပွဲဝင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က တိုက်တွန်းလိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ တည်ထောင်တဲ့ ၅ နှစ်ပြည့်တဲ့ ဒီကနေ့ မေ ၅ ရက်မှာ သဝဏ်လွှာနဲ့ အခုလို တိုက်တွန်းလိုက်တာပါ။
အခုလို အခက်အခဲတွေကြားကပဲ မိမိကိုယ်တိုင် မြေပြင်မှာ ရဲဘော်တွေနဲ့အတူ ရှိနေမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်အချို့ရဲ့ စစ်စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့် အချို့ဒေသတွေမှာ ပြည်သူ့ယုံကြည်မှု ထိခိုက်ရတာတွေကို သင်ခန်းစာယူ ပြုပြင်ကြဖို့လည်းလိုတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးခရီး ရှေ့ဆက်နိုင်ဖို့အတွက် တပ်တွင်းစည်းလုံးရေး၊ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ စစ်လက်နက်ပစ္စည်း ရှာဖွေစုဆောင်းရေးတွေကို ပိုပြီးအားစိုက်ကြဖို့ လိုအပ်သလို၊ ၅ နှစ်တာအတွင်း အသက်၊ ခန္ဓာ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်တွေအားလုံးကိုလည်း အလေးအမြတ်ပြု ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။










