DVB Logo
Home
Lead Story
ငတပါးခိုးသူမင်းဆက် ရာဇဝင်သစ်
DVB
·
June 5, 2020
ငတပါးခိုးသူမင်းဆက် ရာဇဝင်သစ်
Donate to DVB

မင်းတွေ၊ ဘုရင်တွေနဲ့ပတ်သက်ရင် ရာဇဝင်လို့သုံးကြတယ်။ ‘ရာဇဝင်’ ဆိုတာကိုတော့ ရှေးပညာရှိတွေက “သဝတ္ထုက” ရာဇဝင်နဲ့ “အဝတ္ထုက” ရာဇဝင်ဆိုပြီး နှစ်မျိုးခွဲပြောလေ့ရှိတယ်။ ‘သဝတ္ထုက ရာဇဝင်’ ဆိုတာက သက်သေခံ အထောက်အထားရှိမှ တင်ပြတာကိုခေါ်တာ။ ဒေါက်တာ သန်းထွန်းတို့လို ပညာရှိတွေ၊ အဓိကထားတဲ့အယူပါ။ “အဝတ္ထုက ရာဇဝင်”က သက်သေအခိုင်အမာ မရှိပေမယ့် လက်ခံယုံကြည်ထားတဲ့ အယူလို့ပဲ ဆိုကြပါစို့။ မှော်ဘီဆရာသိန်းရဲ့ “ပါးစပ်ရာဇဝင်” လိုမျိုးပေါ့။

ပါးစပ်ရာဇဝင်ကတော့ ‘ရာဇပုံ ’(Tales of kings) ဖြစ်တာကြောင့် တန်ဖိုးထားတတ်ကြပါတယ်။ ‘ဒီပက, ရာဇဝင်” လို့လည်းခေါ်တယ်။ ‘ပါးစပ်ရာဇဝင်’ လို့လည်း ခေါ်ကြတယ်။ တချို့ပညာရှိတွေကတော့ ‘ရာဇဝင်အူပေါက်’တဲ့။ ပါးစပ်ရာဇဝင်ပဲဖြစ်ဖြစ်၊ ရာဇပုံပဲခေါ်ခေါ်၊ ရာဇဝင်အူပေါက်လို့ပဲ ပြောပြောပါ။ တကယ်တော့ “ရာဇဝင်အစ ရာဇပုံက” လို့ဆိုတဲ့ ဆိုရိုးစကားအရဆိုရင် ပါးစပ်ရာဇဝင်တွေကြောင့်ပဲ ရာဇဝင်ဆိုတာပေါ်လာတာ။ 

  ရာဇဝင်တလျှောက်မှာ မင်းစဉ်မင်းဆက် အုပ်ချုပ်တဲ့ကာလတွေ ရှိသလို၊ မင်းစဉ်မင်းဆက်မဟုတ်တဲ့သူတွေ အာဏာလုပြီး အုပ်ချုပ်တဲ့ မင်းမျိုးလည်းရှိခဲ့တယ်။ သူတို့ကိုတော့ ‘ငတပါးမင်း’ လို့လည်း ခေါ်ကြရဲ့။ ပုဂံရာဇဝင်မှာ ဖရဲသီးခိုးစားတဲ့ဘုရင်ကို ယာခင်းပိုင်ရှင်က “ဒေါက်ခွ” နဲ့ ရိုက်သတ်လို့သေသွားတော့ ယာခင်းရှင်ကို ဘုရင်ခန့်လိုက်ရတဲ့ ‘တောင်သူမင်း’ လိုဟာမျိုးကို ‘ငတပါးမင်း’ လို့ ခေါ်သပေါ့။

ဒီနေ့ကာလအနေအထားအရပြောရရင်..။ ဒီမိုကရေစီဆိုတာ၊ ပြည်သူလူထုက ရွေးချယ်ခန့်ထားမှသာ တိုင်းနိုင်ငံကို အုပ်ချုပ်ကြရတာကိုး။ ဒီမိုကရေစီထုံးအတိုင်း အစဉ်ဆက် လူထုဆန္ဒနဲ့အုပ်ချုပ်ခွင့်ရသူကို ‘ဗဒ္ဓ ရာဇဝင်’ လို့ခေါ်တယ်။ ဆိုလိုတာက စဉ်ဆက်မပြတ် လူထုဆန္ဒနဲ့ အုပ်ချုပ်ခွင့်ရထားသူမျိုးပေါ့။

‘ငတပါး ခိုးသူမင်းဆက်’ဟာ သမိုင်းမှာတကယ်ရှိခဲ့ဖူးပါတယ်။ မယုံမရှိလေနဲ့။ “မှန်နန်း မဟာရာဇဝင်တော်ကြီး စာမျက်နှာ(၈၅) ‘ဥဂ္ဂဟသေနမည်သော ခိုးမှူးနန္ဒာအကြောင်း’ ဆိုတာကို အကိုးအကားပြုပြီး တင်ပြပါ့မယ်။

‘ဟိုရှေးရှေးတုန်းက’ လို့ပဲ အစချီပြောရမှာပါ။ သာသနာသက္ကရာဇ်နဲ့တွက်ရင် ၁၄၀ ခုနှစ်ပေါ့။ ဝေသာလီပြည်အစွန်မှာ အလွန်နက်တဲ့တောကြီးရှိသတဲ့။ အဲ့ဒီတောနက်ကြီးထဲမှာ တပည့်လက်သားအများအပြားနဲ့ ဆိုး၊ ခိုး၊ လုယက်နေတဲ့ ခိုးသူကြီးတယောက်ရှိတယ်။

အဲ့ဒီသူခိုးကြီးနဲ့ သူ့တပည့်တွေဟာ တိုင်းကားပြည်ရွာတွေကို လုယက်ဖျက်စီးလို့ ရသမျှ ရွှေငွေပစ္စည်းတွေကိုတော့ သူပုန်းခိုရာ တောနက်ထဲအရောက် လုယက်ခံလူထုကိုပဲ အဓမ္မခေါ်ဆောင်ပြီး အသယ်ခိုင်းတာပေါ့။ အခုခေတ်စကားနဲ့ပြောရရင် ‘ပေါ်တာဆွဲ’တာပေါ့။ တနေ့တော့ ပေါ်တာအဆွဲခံရတဲ့အထဲမှာ ကိုယ်ခန္ဓာတောင့်တင်း၊ ခွန်အား အလွန်ကြီးပြီး ရဲစွမ်းသတ္တိလည်းရှိတဲ့ လူတဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာပေါ့။ အဲ့ဒီလူကလည်း သူတို့အသယ်ခိုင်း တဲ့ ခိုးရာပါ၊ တိုက်ရာပါပစ္စည်းတွေ သယ်ပေးရင်း ခိုးသူတပ်က ဗိုလ်တယောက်ကို “အသင်တို့ ဘယ်အမှုကိုပြုကြသနည်း” လို့မေးသတဲ့။

 ဒီတော့ ခိုးသူဗိုလ်က “အို…ကျွန်ယောက်ျား…ငါတို့သည် လယ်သမားသားပင်ဖြစ်သော်လည်း ပင်ပန်းကြီးစွာသောကြောင့် လယ်အလုပ်ကို မလုပ်ကြကုန်။ ဆင်းရဲမိဘက၊ ထမင်းနပ်မှန်အောင် မကျွေးနိုင်ခြင်းကြောင့် ခိုးသူတပ်ထဲဝင်ရောက်ပြီး ပြည်ရွာကို လုယက်ဖျက်စီးကာ ရရှိသောဥစ္စာဖြင့် စားသောက်ရင်း အမဲလိုက်၊ ငါးဖမ်း၍ ငြိမ်းချမ်းစွာနေထိုင်စားသောက်ကြတယ်။” လို့ပြန်ဖြေတော့ အဲ့ဒီ ပေါ်တာယောက်ျားလည်း သဘောအကျကြီးကျကာ ခိုးသူအမှုပြုတော့တာပေါ့။

  အခါတပါးမှာ ကန့်ကော်ပင်တွေ ထူထပ်စွာပေါက်တဲ့ တောအနီးက ရွာတရွာကို ဝင်ရောက်လုယက်တာပေါ့။ အဲ့ဒီရွာသားတွေဟာ ဒေါင်းသတ္တဝါကို အထွတ်အမြတ်ထား ကိုးကွယ်သူတွေပေါ့။ ဒါအပြင် ရွာအနီးမှာ ပွဲကျောင်းဘုန်းကြီးကလည်းရှိသတဲ့။ ပွဲကျောင်းသာတွေဟာ ပြိုင်ပွဲတခုခုလုပ်ပြီဆိုရင် ဒေါင်းရုပ်ပါတဲ့ပုဝါကို နဖူးမှာစီးပြီးယှဉ်ပြိုင် လေ့ရှိသတဲ့။

  အဲ့ဒီရွာကိုပဲ ဝင်ရောက်ဖျက်စီးပြီးလုယက်ကြတော့ ပွဲကျောင်းသားတွေက ပြန်လည်ခုခံတိုက်ခိုက်တော့တာပေါ့။ အဲ့ဒီလုယက်မှုမှာ ခိုးသူတပ်ကြီး ပျက်ပြီး ပြေးကြရတယ်။ ခိုးသူခေါင်းဆောင်ချုပ်ကြီးလည်း သေသွားရောတဲ့။  ကျန်တဲ့သူခိုးဗိုလ်တွေက ဝမ်းနည်းပက်လက်ငိုကြတော့မှ…

  “အချင်းတို့…မငိုကြလင့်။ သင်တို့၏ ခိုးသူချုပ်ကြီးသာလျှင် အမှုအားလုံးကို ကြီးကြီးငယ်ငယ် စီရင်တတ်သည်မဟုတ်။ အကျွန်ုပ်လည်း စီရင်တတ်သည်သာတည်း။ မငိုကြွေးကုန်လင့် ကျွန်ုပ်အမှုကိုသာ ထမ်းရွက်ကြကုန်လော့” လို့ ပြောပြီး ကျန်တဲ့ခိုးသူမှူးတွေကိုလည်း တပည့်အခံခိုင်းလိုက်တယ်။ ခိုးသူဗိုလ်တွေနဲ့ တပ်အင်အားကို တိုးချဲ့လိုက်တော့တယ်။ အင်အားများလာတာနဲ့အမျှ သူ့ကိုယ်သူ ‘ခိုးသူချုပ်ကြီးကနေ’ ‘ခိုးသူချုပ်မှူးကြီးနန္ဒာ’ အဖြစ်၊ ရာထူး သစ်ပေးပြီး ကိုယ်တိုင်ခန့်အပ်ကာ ကြေညာလိုက်သတဲ့။

  ပြီးတာနဲ့ သူအမျိုးအဆွေတွေနဲ့သူ့ညီ ရှစ်ယောက်ကိုပါ ခိုးသူတပ်ထဲထည့်ပြီး ညီရှစ်ယောက်ကို အမှူးပြုကာ “ရှစ်ခိုး’မဏီတပ်ကြီး” လို့ အမည်ခေါ်ဆိုဖွဲ့စည်းလိုက်တယ်။ ‘ရှစ်’ဆိုတာ ညီနောင်ရှစ်ယောက်ကို ညွှန်းရည်တာပေါ့။ အဲ့ဒီ ‘ရှစ်ခိုးမဏီ’ တပ်တော်ကြီးနဲ့ ပြည်၊ ရွာတွေကို လုယက်ဖျက်စီးတိုက်ခိုက်ပြီး ဘဏ္ဏာငွေတွေ စုစည်းထားသတဲ့။ ပစ္စည်းဥစ္စာနဲ့ လူအင်အားပြည့်စုံတဲ့ တနေ့သားမှာ ခိုးသူမှူးတွေကို စုဝေးစေပြီး တိုင်ပင်နှီးနှောလမ်းညွှန်ပုံက…

  “အချင်းခိုးသူမှူးတို့ ငါတို့ခိုးသူတပ်၏ ခိုးသူမှူးများ၌ ပစ္စည်းဥစ္စာများလည်း စုဆောင်းမိကြပြီ။ ငါတို့တပ်အင်အားမှာလည်း အလွန်များလှစွာ၏။ ရွာငယ်ဇနပုတ်တို့ကား ငါတို့အား မယှဉ်သာနိုင်။ ပြည်စွန်၊ ပြည်နား၊ လုယက် ဖျက်စီးသောအမှုသည်ကား သူရဲကောင်းတို့၏ အလုပ်မဟုတ်ချေ။ ပြည်ကြီး မြို့ကြီးများကိုသာ ကြိုးကုတ်လုပ်ကြံသော အမှုသာလျှင် သူရဲကောင်းတို့အမှုဖြစ်သည်။ အခုကစပြီး ပြည်ကြီးမြို့ကြီးများကို လုယက်လုပ်ကြံကြလတ္တံ့။  ဤအမှုပြုရန်ကား ငါတို့၏ ‘ရှစ်ခိုး’ မဏီတပ်ကြီးသည် ရေပက်မဝင်အောင် စည်းလုံးကြဖို့လိုသည်။ အဘယ်မျှလောက်  အထိ စည်းရုံးရမည်နည်းဟုဆိုလျှင် ‘ရှစ်ခိုး’မဏီသည်သာအဖ၊ ‘ရှစ်ခိုး’ မဏီသာအမိ” ဟူ၍ ခိုးသူတပ်သား များသာမက သင်းတို့မယားများနှင့် သားသမီးငယ်များ၏စိတ်ထဲ၌ ‘ရတာနာနှစ်ပါး’ ကဲ့သို့ စွဲထင်စေအောင်ပြုကြလတ္တံ့ ဟူ ၍ လမ်းညွှန်စကား မြွက်ကြားသတဲ့။”

    အဲ့ဒီစုဝေးခြင်းအမှုပြီးကတည်းက ရွာငယ်ဇနပုတ်ကစပြီး “ဘုရင်နဲ့မှူးကြီးမတ်ရာတွေ၊ နိုင်ငံတော်အရေးပြုသူတွေကြောင့် ဝေသာလီပြည်ကြီး ပျက်စီးတော့မယ်” ဆိုတဲ့ ကောလာဟလတွေ လွှင့်တော့တာပေါ့။ ပြီးတာနဲ့ ‘ပဉ္စမကမင်း’ အုပ်ချုပ်လို့မရအောင် မြို့ရွာပြည်အနှံ့ ‘ရှစ်ခိုး’ မဏီ တပ်တွေဖြန့်လွှတ်ပြီး နှောင့်ယှက်တော့တာပဲ။ ဝေသာလီ လူထုလည်း အချိန်ကြာလာတော့ သူလူတွေရဲ့ ဝါဒဖြန့်ချိရေးကို အဟုတ်ထင်လာတယ်။

       တချို့သော တိုင်းရေးပြည်ရေး၊ နိုင်ငံရေးပြုသူတွေတောင် ‘ရှစ်ခိုးမဏီတပ်တော်ကြီး’အတိုင်း သံယောင်ပြုပြီး ပြောဆိုလာကြတော့တယ်။ တချို့လည်း ခိုးခွင့်မကြုံတော့ ‘ရှစ်ခိုးမဏီ’ထဲ ဝင်ရောက်ဖို့ ကမ်းလှမ်းသူလည်းရှိသတဲ့။ ဒီအခြေရောက်ပြီဆိုတာနဲ့ ဝေသာလီလွှတ်တော်ကျင်းပနေချိန်မှာ လွှတ်တော်ကိုဝင်စီးပြီး ‘ပဉ္စမက’ မင်းကို ခေါင်း ဖြတ်သတ်လိုက်တော့တယ်။

   ပဉ္စမကမင်း လွန်ပြီဆိုတာနဲ့ ခိုးသူချုပ်မှူး ကြီးနန္ဒာဟာ ပြည်သူလူထုရင်ထဲမှာ ‘ခိုးသူချုပ်မှူးကြီးနန္ဒာ’ အဖြစ် စွဲနေမှာကို ထိတ်လန့်စိုးရိမ်လာတယ်။ ဒါကြောင့် သူ့အမည်ကို “ဥဂ္ဂဟသေနမင်း” လို့ ခေါ်တွင်စေဖို့ ဘိသိတ်မင်္ဂလာပြုရပြန်သပေါ့။ နန်းတက်မိန့်ကြားမြွက်ဟစကားအဆုံးမှာတော့

  “ငါသည် ဝေသာလီပြည်ကြီး ချောက်ထဲကျရန် လက်နှစ်လုံးအလိုတွင် ဝေသာလီပြည်ကြီးကို ကယ်တင်နိုင်ခဲ့လေပြီတကား” လို့ ကြုံးဝါးလိုက်သတဲ့။

  အဲ့ဒီလိုနဲ့ ဥဂ္ဂဟသေနမင်းခေါ် ‘ခိုးသူချုပ်မှူးကြီးနန္ဒာ’ နတ်ရွာလားပြီးတဲ့နောက် သူခိုးမျိုးဆက် ညီနောင် (၈) ဦး က တဆက်ပြီးတဆက် တယောက်ပြီးတယောက် မင်းလုပ်အုပ်ခဲ့တယ်။ ‘ဥဂ္ဂဟသေနမင်း’ အပါအဝင် စုစုပေါင်းမင်းဆက် ‘ကိုးဆက်’ အထိရှိခဲ့တယ်လို့ပြဆိုပါတယ်။ စာမျက်နှာများ ပျောက်ဆုံးနေသဖြင့် ကျွန်ုပ်မှာ ‘ငတပါးခိုးသူချုပ် မှူးကြီးများ မင်း’ ဆက် ၆ ဆက်အထိသာ ရှာဖွေရရှိခဲ့ပါကြောင်းဗျာ။ မြန်မာပြည်သူတို့ ‘ငတပါးခိုးသူချုပ်မှူးကြီးများ မင်းဆက်ဘေးမှ ကင်းဝေးကြပါစေ။                           

ဝန်ခံချက်။ ။ မှန်နန်းမဟာရာဇဝင်တော်ကြီးတွင်ပါရှိသော “ဥဂ္ဂဟသေနမင်းခေါ် ခိုးသူချုပ်ကြီးနန္ဒာမင်းဆက်” အကြောင်းကို စာဖတ်သူအဆင်ပြေစေရန် ယနေ့စကားပြေဖြင့် ပြန်လည်ရေးသားတင်ပြထားပါသည်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013