
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်၊ ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တာပန်မြို့က မီးတောက် တောင်တန်းများ ရှုခင်းသာဧရိယာမှာ မကြာသေးမီက အပူလှိုင်းတခု အချိန်အကြာကြီး ရိုက်ခတ်ခဲ့လို့ မျက်နှာပြင်အပူချိန်ဟာ ဇူလိုင် ၂ ရက်က ၈၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တယ်လို့ တရုတ်သတင်းဌာန CNS ဖော်ပြပါတယ်။
အပူချိန်လွန်ကဲနေပေမဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြည့်ကျပ်နေဆဲဖြစ်ပြီး ရှုခင်းသာဧရိယာက သာမိုမီတာကြီးတခုက ၈၄ ဒီဂရီစင်တီဂရိတ်မှာ မှတ်တမ်းတင်ထားပြီး ဘေးနားမှာ ဓာတ်ပုံရိုက်ဖို့ တန်းစီနေတဲ့ လူအုပ်ကို ဆွဲဆောင်ထားပါတယ်။
ဧည့်သည်တွေက ဒေသဆိုင်ရာ အထူးသီးသန့် အစားအစာတွေ အထူးသဖြင့် သဲနဲ့ဖုတ်ထားတဲ့ ဥတွေနဲ့၊ ဒေသအလိုက် အရသာရှိတဲ့ သရေစာတွေကို အလွန်စိတ်ဝင်စားခဲ့ကြပါတယ်။
ဧရိယာရဲ့ ပြင်းထန်တဲ့ သဘာဝအပူရှိန်ကိုသုံးပြီး လှော်ထားတဲ့ ကြက်ဥတွေဟာ မွှေးပျံ့လတ်ဆတ်တဲ့ ရနံ့ကြောင့် နွေရာသီခရီးသည်တွေအတွက် ရေပန်းစားတဲ့ ရာသီအလိုက် စားစရာတခုအဖြစ် ရပ်တည်နေပါတယ်။
ရှုခင်းသာဧရိယာမှာ အပူရှပ်တဲ့ဒဏ်ကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်။
ပြင်ပရှုခင်းကြည့်တဲ့ နေရာတွေ အားလုံးမှာ လေ၀င်လေထွက် အဆက်မပြတ် ရှိစေဖို့ ဧည့်သည်တော် ဌာနက ၂၄ နာရီပတ်လုံး လေအေးပေးစက်ကို ဖွင့်ပေးထားပါတယ်။
နေကာအကာတွေကို အပန်းဖြေနေရာတွေမှာ နေရာအနှံ့ ထားရှိပြီး ခရီးသည်တွေအတွက် အပူဒဏ်သက်သာစေတဲ့ ဆေးတွေကို အခမဲ့ ရရှိနိုင်အောင် စီစဉ်ထားပါတယ်။
Source: Reuters










