DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့ မြောက်ပိုင်း အုပ်ချုပ်ရေးမှူးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်
DVB
·
June 4, 2020
မြေပုံမြို့ မြောက်ပိုင်း အုပ်ချုပ်ရေးမှူးကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့ မြောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ဇွန် ၃ ရက် ည ၉ နာရီကျော်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။ 

“မနေ့ည ၉ နာရီခွဲလောက်မှာ မြောက်ပိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို စစ်တပ်က ခေါ်သွားပြီးတော့ အခု စရဖရုံးမှာ သူ့ကို စစ်ဆေးဖို့ လုပ်နေတယ်။ အခုဆိုရင် အုပ်ချုပ်ရေးမှူး သုံးယောက်ပေါ့လေ။ တခြားအုပ်ချုပ်ရေမှူးတွေက ဒီဖမ်းဆီးမှုအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေကြတယ်။”

ပြီးခဲ့တဲ့ မေ ၃၀ ရက်ကလည်း မြေပုံမြို့အငူကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၊ ရွာသစ်ကေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို တပ်မတော်က ခေါ်ဆောင်သွားပြီးနောက် မေ ၃၁ ရက်မှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀၊ ၅၂ တို့နဲ့ အမှုဖွင့်ပြီး ရဲစခန်းမှာ ၁၄ ရက်ကြာ ရမန်ယူ ချုပ်နှောင်ထားပါတယ်။

မြေပုံမြို့ ရွာသစ်ကေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ရဲ့ ဇနီးဖြစ်သူက “စစ်သားတွေ၊ ရဲသားတွေက ကျမတို့အိမ်ကို လာပြီးတော့ လာမွှေပါတယ်။ အိမ်ပေါ်၊ အိမ်အောက်တွေကို အကုန်ရှာပါတယ်။ အိမ်ရှေ့မှာ တာလဘတ်နဲ့အုပ်ထားတဲ့ ထင်းပုံကိုလည်း ရှာပါတယ်။ ဘာမှ မတွေ့တာနဲ့ သူတို့ထွက်သွားကြပါတယ်။ ကျမယောက်ျားကိုလည်း စစ်ပေမယ့် ဘာမှ စစ်ဆေးချက်တွေ မပေါ်ပါဘူး။ ဒါပေမယ့် ဒီလို အကြမ်းဖက်ဥပဒေနဲ့စွဲပါတယ်။”

တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံရတဲ့ အုပ်ချုပ်ရေးမှူး နေအိမ်တွေကို ရှာဖွေ စစ်ဆေးမွှေနှောက်တာတွေရှိပြီး အုပ်ချုပ်ရေးမှူး‌တွေကိုလည်း စစ်ဆေးချက်တွေ လုပ်ဆောင်ခဲ့ပေမယ့် တစုံတရာမတွေ့ရှိဘဲ အကြမ်းဖက်ဥပေဒနဲ့ တရားစွဲဆိုတာကတော့ လုံးဝမဖြစ်သင့်ဘူးလို့ လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

အခုလို ဖမ်းဆီးတရားစွဲဆိုမှုတွေကြောင့် အုပ်ချုပ်ရေးမှူးတွေ စိုးရိမ်ပြီး နုတ်ထွက်ဖို့ ပြင်ဆင်နေကြတယ်လို့ အမည်မဖော်လိုတဲ့ မြေပုံမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ 

“အုပ်ချုပ်ရေးမှူးတွေက အားလုံးဥပေဒေဘောင်ထဲက လုပ်နေကြတာပဲ။ နိုင်ငံတော် တာဝန် ထမ်းဆောင်နေကြတာပဲ။ ဒီလို မတရားဆက်ဖမ်းနေရင်တော့ အကုန်နုတ်ထွက်ရမှာပဲ။ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးတယ်။ စစ်ဆေးချက်လည်းမပေါ်ဘူး။ အထောက်အထားလည်း ဘာမှမရဘူ။ ဒါပေမယ့် ဘာလို့ ဒီအကြမ်းဖက်ဥပဒေတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို တရားစွဲနေရတာလဲ၊ ဒါကလုံးဝမဖြစ်သင့်ဘူးလေ။”

အခုလို အုပ်ချုပ်ရေးမှူးတွေကို မကြာခဏ ဖမ်းဆီးမှုတွေရှိနေတာကြောင့် သေခံတွေလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြေပုံမြို့မရဲစခန်းနဲ့ တပ်မတော်သတင်းမှန်ပြန်ရေးအဖွဲ့ကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည် ဖြေဆိုခဲ့တာမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013