DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံတွင် အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမား ၃ ဦးက သမ္မတထံ တိုင်ကြားမည်
DVB
·
June 4, 2020
ပုသိမ်ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံတွင် အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမား ၃ ဦးက သမ္မတထံ တိုင်ကြားမည်
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုဇုန်ရှိ ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမား ခေါင်းဆောင်  ၃ ဦး အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ စက်ရုံ အလုပ်သမားသမဂ္ဂနဲ့  အလုပ်သမား ရိုင်းပင်းကူညီရေးအဖွဲ့က ပြောပါတယ်။

ဒီစက်ရုံမှာ ပြီးခဲ့တဲ့လပိုင်းက အလုပ်သမား ၁၀၀ ကျော်လျှော့ချခံရတာနဲ့ပတ်သက်ပြီး တိကျ သေချာတဲ့ ကတိစာချုပ်ရရှိဖို့အတွက် အလုပ်သမားသမဂ္ဂအဖွဲ့က ခေါင်းဆောင်အပါအဝင် အလုပ်သမား ၃ ဦးက  လုပ်ငန်းခွင်မပျက် ခေါင်းစည်း အနီစည်းကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဒါကြောင့် သူတို့  ၃ ဦးကို အလုပ်ရှင်က စက်ရုံရဲ့ သီးသန့် နေရာတခုမှာ ပြောင်းရွှေ့ထားပြီး ပယ်ထည်တွေ စစ်ခိုင်းတာနဲ့ ပြင်ခိုင်းတာတွေကို ပြုလုပ်ခဲ့တာကြောင့် ဥပဒေနဲ့ အညီ အရေးယူပေးဖို့ မေလ ၂၇ ရက်နေ့က အလုပ်သမားဌာနကို တိုင်ကြားခဲ့တယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင် မဆုမွန်ထွေးက ပြောပါတယ်။

“သမီးတို့က ဥပဒေနဲ့ အညီ လုပ်ငန်းခွင်မပျက် ဆန္ဒထုတ်ဖော်တာပါ။ ဒါကို စက်ရုံက မန်နေဂျာက နေရာရွှေ့ပြောင်းပြီး အစောင့်တွေနဲ့ စောင့်ကြည့်တာတွေလုပ်ပြီး အလုပ်ခိုင်းတယ်။ ဥပဒေနဲ့ မညီလို့ အရေးယူပေးပါဆိုပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးကို သွားတိုင်တော့ လာဖြေရှင်းပေးပေမဲ့ သမီးတို့ မနေချင်တဲ့ အဲ့အခန်းမှာ ဆက်နေရဖို့ ပြောသွားတာပဲရှိတယ်။ ဘာမှအဆင်မပြေသွားဘူး”

တိုင်းကြားမှုနဲ့ပတ်သက်လို့  သက်ဆိုင်ရာ ဝန်ကြီးနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းတို့လာရောက်ဖြေရှင်းပေးခဲ့ပေမဲ့ အဆင်ပြေခြင်းမရှိတဲ့အပြင်  အခြေအနေပိုဆိုးသွားပြီး အဆိုပါအလုပ်သမား ၃ ဦးကို ပြောင်းရွှေ့ ခံထားရတဲ့နေရာမှာဘဲ ၁၄ ရက် ထပ်နေဖို့  လက်မှတ်ထိုးသဘောတူညီမှုရယူတာတွေကိုပါ ပြုလုပ် သွားတယ်လို့ဆိုပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် မဆုမွန်ထွေးက “ပြောင်းရတဲ့အခန်းထဲမှာ မနေချင်လို့ သွားပြီးတိုင်တာပါ၊ အဲ့ဒါလာဖြေရှင်းပေးတော့ အဲ့နေရာမှာ ဆက်နေရမယ်ဆိုတော့ ဒါ လုံးဝတရားမျှတမှုမရှိပါဘူး။ သမီးတို့အတွက် ခုက ဝန်ကြီးလည်း အားကိုးလို့မရဘူး။ ဌာနဆိုင်ရာလည်း အားကိုးလို့မရဘူး။ သမီးတို့အတွက် အမှန် တရားက ဘယ်မှာလည်းမသိတော့ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဆန္ဒထုတ်ဖော်ခဲ့တဲ့ သမဂ္ဂခေါင်းဆောင် ၃ ဦးကိုအလိုမရှိကြောင်း စက်ရုံကအလုပ်သမားတွေကို ဖိအားပေးပြီး လက်မှတ်ရေးထိုးခိုင်းတာတွေနဲ့  တာဝန်ရှိသူတွေလာရင် အော်ဟစ်တောင်းဆိုတာတွေပြုလုပ်ဖို့ လိုက်လံစည်ရုံးတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတစ်ဦးက “ သမဂ္ဂခေါင်းဆောင် ၃ ဦးကို ခေါ်သွားပြီးနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေကို ဒီ ၃ ဦးကို အလိုမရှိကြောင်း ပြောဖို့နဲ့ လက်မှတ်ထိုးထားတွေလိုက်လုပ်တယ်။ သူတို့က ဆန္ဒပြရင် စက်ရုံတွေပိတ်မယ်။ ပိတ်ရင် အလုပ်သမားတွေ ထမင်းငတ်မယ် အဲ့လိုတွေ ဖိအားတွေ ပေးပြီး တော့ လက်မှတ်ထိုးခိုင်းတယ်။ အော်ဖို့ကိုလည်း ၁၀ ယောက် ၅ ယောက် အဲ့လို ခေါ်ပြီး သူတို့က သင်ပေးတာ။ ဒါပေမယ့် တကယ် အော်တဲ့အချိန်မှာ အလိုမရှိ ဘူးဆိုပြီးတော့ လူ ၄၀ လောက်ပဲ အော်ပါတယ်” လို့ ပြောပါတယ်။

ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံပြဿနာနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း  လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်းကတော့ အလုပ်သမားအချင်းချင်းအကြားမှာ ဖြစ်တဲ့ ပြဿနာဖြစ်တယ်လို့ ပြောပါတယ်။

 “ဖြစ်စဉ်က ရောနေလို့ပါ၊ ခုစက်ရုံက ဖွင့်ပါတယ်။ နှာဖူးစည်း စည်းတဲ့ ၃ ဦး ကလည်း အလုပ်လျှော့ချတဲ့အထဲမှာ မပါပါဘူး။ သူတို့က နှာဖူးစည်းစည်းတာကို စက်ရုံကလည်း မပြောဘူး။ လုပ်ငန်းရှင်ကလည်း ဘာမှမပြောပါဘူး၊ အလုပ်သမားအချင်းချင်းက ကြောက်တယ်ဆိုပြီး ပြောလာတာ။ သူတို့ကနေ လူများလာပြီး ဆန္ဒပြတာတွေဖြစ် စက်ရုံတွေပိတ်ရရင် အလုပ် လက်မဲ့ဖြစ်ရမယ်ဆိုပြီး အလုပ်သမားအချင်းချင်း ဖြစ်တာပါ။ အဲ့တော့ ဆရာတို့သွားရှင်းပေးခဲ့ပါတယ်။ အလုပ်သမားအချင်းချင်းဖြစ်တာပါ။ ဆရာတို့သွားရှင်းပေးတော့ အချင်းချင်းဖြစ်မှာစိုးလို့ သူတို့ကို သက်သက်ကာကွယ်ပေးတဲ့အနေနဲ့ အခန်းသတ်သတ်ခွဲထားပေးလိုက်တာ။ စက်ရုံမှာ ပြည်ထောင်စုက အသိမှတ်ပြုထားတဲ့ အလုပ်သမားအဖွဲ့ရှိတယ်၊ ခုက နောက်တစ်ဖွဲ့ထပ်ဖွဲ့ဖို့ ပြင်ဆင်နေတယ်။ ခု ၃ ဦးက အဲ့အဖွဲ့ထဲမှာ ပါနေတော့ သူတို့ကို ခွဲခြားတယ်ဆိုပြီးအသံထွက် လာတာပါ”

ခုလိုဆန္ဒထုတ်ဖော်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို စက်ရုံရဲ့ သီးသန့်အခန်းထဲမှာ ခေါ်ယူပြီးတော့ လုံခြုံရေးအစောင့်ချ ဖိနှိပ်ထားတာဟာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့  အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က တာဝန်ရှိသူ ဒေါ်ခခက ပြောပါတယ်။

“ ဝန်ကြီးရော၊ ဌာနဆိုင်ရာတွေရော၊ ရင်းနှီးမြှုပ်နှံမှုအဖွဲ့က တာဝန်ရှိသူတွေရော အားလုံး စုပေါင်းပြီးတော့ ချိုးဖောက်ခံထားရလို့ တိုင်ကြားခံရတဲ့ လုပ်ငန်းရှင်ဘက်ကနေ စိတ်တိုင်းကျ လုံခြုံရေးနဲ့ ထားထားတဲ့ အခန်းထဲမှာ ဇွန်လ ၁၄ ရက်နေ့ထိ နေဖို့လုပ်ခဲ့တာကတော့ အလုပ် သမားအခွင့်အရေး ချိုးဖောက်မှုကနေ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်မှာ အစိုးရအဖွဲ့က အလုပ်သမားဝန်ကြီးနဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ ပါဝင်နေတာကို တွေ့ရှိရတယ်” လို့ ပြောပါတယ်။

ဟွာပိုတိုင်းစ်အထည်ချုပ်စက်ရုံမှာ မေလ ၁၄ ရက်က အလုပ်သမား ၁၀၀ ကျော်လျှော့ချ ခံရတာနဲ့ပတ်သက်ပြီး အလုပ်ပုံမှန်ပြန်လည် လည်ပတ်ချိန်မှာ အလုပ်ပြန်ခန့်ထားမယ်လို့ တာဝန်ရှိသူတွေက နှုတ်နဲ့သာ ကတိပေးပြောဆိုခဲ့ပါတယ်။

အလုပ်သမားတွေက သက်ဆိုင်ရာ ဝန်ကြီးထံ ဥပဒေနဲ့ အညီ စာချုပ်မှာ လက်မှတ်ထိုး ကတိပေးဖို့အတွက် တောင်းဆိုထားပေမယ့် အခု အချိန်ထိ မရရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားခေါင်းဆောင် ၃ ဦးကတော့ အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားမယ်လို့ ပြောပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013