DVB Logo
Home
မြန်မာသတင်း
အလုပ်လက်မဲ့ အထည်ချုပ်လုပ်သားများကို အီးယူက ကျပ်သိန်း ၁၀,၀၀၀ ကျော်ထောက်ပံ့
DVB
·
June 2, 2020
အလုပ်လက်မဲ့ အထည်ချုပ်လုပ်သားများကို အီးယူက ကျပ်သိန်း ၁၀,၀၀၀ ကျော်ထောက်ပံ့
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂ (အီးယူ)က ကျပ်သိန်းပေါင်း ၁၀,၀၀၀ ကျော်ထောက်ပံ့ပေးနိုင်ခဲ့ပြီ လို့ ကြေညာပါတယ်။

ဥရောပသမဂ္ဂက အရေးပေါ်ရန်ပုံငွေဖြစ်တဲ့မြန်ကူ (Myan Ku) စီမံကိန်းက တဆင့် ယူရို ၅ သန်း (မြန်မာကျပ်ငွေ သန်း ၇,၉၀၀ ဝန်းကျင်) ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

စီမံကိန်းကို ပူးပေါင်းလုပ်ဆောင်ပေးနေတဲ့ SMART TEXTILE & GARMENT ရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ မစုမွန်သဲက “တယောက်ကို အများဆုံးထောက်ပံ့ပေးတာက စံနှုန်းပြည့်ကိုက်ညီမယ်ဆိုရင် ကျပ် ၁၂,၅၀၀၀ ပါ။ တကယ်လို့ အလုပ်သမားတယောက်က အလုပ်ထုတ်ခံရတယ်၊ နစ်နာကြေး ကျပ် ၃ သိန်းခွဲအောက်ရခဲ့တယ်ဆိုရင် ကျပ် ၇,၅၀၀၀ ပေးပါတယ်။ ပြီးတော့ အလုပ်တော့ ပြန်စနေပြီ။ အပြည့်အဝ မလည်ပတ်နိုင်သေးတော့ လုပ်ခအပြည့်မရတာမျိုးဆိုရင်လည်း ကျပ် ၇,၅၀၀၀ ပေးပါတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ လျှောက်ထားလာသူတွေထဲမှာ ဖုန်းနံပါတ်မမှန်ကန်လို့ ဆက်သွယ်လို့ မရတာတွေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ ဒီနေ့အထိမှာတော့ လုပ်သားပေါင်း ၁၃၀၀၀ နီးပါးကို ကျပ်သိန်းပေါင်း ၁၀,၄၁၀ ထောက်ပံ့ပေးခဲ့ပြီ ဖြစ်ပါတယ်။

ထောက်ပံ့ကြေးရခဲ့သူတယောက်ဖြစ်တဲ့ မအိန္ဒြာထက်က “ဒီလိုအချိန်ကာလအတွင်းမှာ၊ ကျမ စက်ရုံကလည်း ပိတ်ထားပြီး ကျမမှာလည်း ဝင်ငွေမရှိပါဘူး။ အဲဒီ့အတွက် ကျမ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမယ့် အဲဒါက မိသားစုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒီလိုအချိန်အတော အတွင်းမှာ ဒီ မြန်ကူ ထောက်ပံ့မှုက ကျမမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေး နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ထောက်ပံ့ကြေးရသူတွေထဲမှာ ရန်ကုန်မှာရှိတဲ့ အလုပ်သမားတွေက အများစုဖြစ်ပြီး မန္တလေး၊ မကွေး၊ ပုသိမ်မြို့တို့ကအပြင် ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်၊ တခြားဒေသတို့က နေရပ်ပြန်သွားကြရတဲ့ အလုပ်သမားတွေပါဝင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က “လူ့ အဖွဲ့အစည်း တခုရဲ့ တကယ့်အစစ်အမှန်အင်အားကို ထိခိုက်နစ်နာမှုအများဆုံးရှိတာတွေအပေါ် ဘယ်လိုပြုမူ လုပ်ဆောင်သလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။ မြန်ကူကနေ ပိုပြီး ထိခိုက်နစ်နာမှု ရှိနိုင်တဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးလုပ်သားတွေနဲ့ ကလေးသူငယ်ရှိတဲ့ အမျိုးသမီးလုပ်သားတွေအတွက် လုံခြုံစိတ်ချရတဲ့ ကွန်ရက်တခုကို တိုးမြှင့်လုပ်ဆောင်ထားပါတယ်။ အခုလို အောင်မြင်စွာ လုပ်ဆောင်နိုင်မှုအတွက်လည်း မြန်ကူကို အခိုင်အမာပံ့ပိုးပေးတဲ့ အလုပ်ရှင် အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် လူမှုမိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်”လို့ ပြောပါတယ်။

အခုအချိန်ထိ အထည်ချုပ်၊ အထည်အလိပ်နဲ့ ဖိနပ် စက်ရုံပေါင်း ၁၂၂ ခုက အလုပ်သမားပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလုပ်သမားတယောက်ဖြစ်သူ မမိုးသန္တာဝင်းက“အခုလို အကြပ်အတည်းကာလအတွင်း ဝင်ငွေရနိုင်မယ့် အခြားအခြေအနေတွေ မရှိပေမယ့်၊ မြန်ကူ ထောက်ပံ့မှုဟာ ကျမမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေ ကာမိအောင် အထူးသဖြင့် အစားအသောက်ဝယ်ယူနိုင်အောင် ကူညီပေးပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ခဲ့တဲ့ ဒီစီမံကိန်းဟာ ကိုဗစ်-၁၉ အကြပ်အတည်းကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အမျိုးသမီးအထည်ချုပ်လုပ်သားတွေကို အဓိက ကူညီပေးနေတာဖြစ်ပြီး ထောက်ပံ့ကြေးရတဲ့ အလုပ်သမားတွေဆီကို Wave Money ကတဆင့် ငွေတွေ လွှဲပေးနေပါတယ်။

စီမံကိန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်း၊ Centre for Economic and Social Development (CESD)၊ ပြည်ကြီးခင်၊ Opportunities Now နဲ့ သုံးပန်လှ စတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း လုပ်ဆောင်ပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013