DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန်လွတ်လာသည့်  မြန်မာနိုင်ငံသား ၁၀၀ မူဆယ်သို့ ထပ်မံရောက်ရှိ 
DVB
·
June 2, 2020
တရုတ်နိုင်ငံ အကျဉ်းထောင်မှ ပြန်လွတ်လာသည့်  မြန်မာနိုင်ငံသား ၁၀၀ မူဆယ်သို့ ထပ်မံရောက်ရှိ 
1 / 6
Donate to DVB

တရုတ်နိုင်ငံမှာ ပြစ်ဒဏ်အမျိုးမျိုးနဲ့ အကျဉ်းကျခဲ့ရတဲ့ မြန်မာနိုင်ငံသား အ‌ယောက် ၁၀၀ ဟာ ဒီကနေ့  ဇွန်လ ၂ ရက် နေ့မှာ တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ကို ပြန်လည်ရောက်ရှိလာကြပါတယ်။

ပြန်လာသူအများစုက နိုင်ငံကူးလက်မှတ်သက်တမ်းကုန်လို့ အဖမ်းခံရတာဖြစ်ကြောင်း၊ လူကုန်ကူးခံရတာ၊ မူးယစ်ဆေးနဲ့ ရန်ဖြစ်မှုတွေက အနည်းအကျဉ်းသာ ပါဝင်တယ်လို့ ပြန်လည်ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုတဲ့ထဲမှာ ပါဝင်တဲ့ မူဆယ် ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ  ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ဒီကနေ့မနက်ကစပြီး ရောက်လာကြပါတယ်ခင်ဗျ၊ တရုတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခဲ့သူတွေပေါ့။ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၉၇ ဦးပါတယ်။ ပြစ်ဒဏ်လို့ဆိုရာမှာ အများစုက စာအုပ်သက်တမ်းကုန်လို့ပါ။ တရုတ်အာဏာပိုင်တွေက မူဆယ်နန်းတော်ဂိတ်ပေါက်မှာ လာလွှဲ ပေးပြီး ဒီဘက်မှာတော့ လ၀က၊ ရဲနဲ့ ကျန်းမာရေးဘက်က တာဝန်ရှိသူတွေ စစ်ဆေးတယ်။ ပြီးရင် အမျိုးသမီးတွေကို အထက ၃ ကျောင်းမှာ အမျိုးသားတွေကို တရုတ်စာသင်ကျောင်းမှာ ခဏထားမယ်၊ ပြီးရင် သူတို့မြို့ရွာတွေမှာပဲ Quarantine ပြန်ဝင်ဖို့ ဖြစ်ပါတယ်ခင်ဗျ။”

အရင်ကတရုတ်နိုင်ငံမှာ ပြစ်ဒဏ်ထိလို့ အကျဉ်းကျရင် လွှတ်ရက်စေ့တဲ့အထိ နေရပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာတော့ ကျန်းမာရေးကိစ္စတွေကြောင့် အကျဉ်းထောင်မှာ ကြာကြာမထားဘဲ မြန်မာပြည်ကို ပြန်ပို့လာတာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းမှာလည်း တရုတ်အာဏာပိုင်တွေက မြန်မာ အကျဉ်းသားပေါင်း ၃၅၀ ကျော်ကို မူဆယ် နယ်စပ်ဂိတ်မှာ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ဒီမေလထဲမှာ မူဆယ်နယ်စပ်ဂိတ်ပေါက်ကနေ မြန်မာပြည်ထဲပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ အကျဉ်းကျသူအပါအဝင် စုစုပေါင်း ၁၆၇၂၂ ဦးရှိတယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။  

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိလာပြီးတဲ့နောက် တရုတ်အစိုးဟာ ဧပြီလ ၁ ရက်နေ့ကစ မြန်မာပြည်ထဲကလူတွေကို တရုတ်ပြည်အဝင်မခံတော့သလို တရုတ်ပြည်ထဲက လူတွေ ကို လည်း မြန်မာပြည်ကို ဝင်ခွင့်မပြုတော့ပါဘူး။

အခုလို သွားလာမှုတွေကန့်သတ်လိုက်တာကြောင့် မူဆယ်/နမ့်ခမ်းဒေသထွက်သီးနှံ ပြောင်းဖူးတွေ တန်ချိန်ပေါင်းရာနဲ့ချီ တရုတ်ပြည်ကို တင်သွင်းရောင်းချလို့မရတော့ဘဲ တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။ 

မူဆယ်မြို့ထဲမှာလည်း ကိုဗစ်-၁၉ ကာကွယ်တဲ့အနေနဲ့ ဈေးတွေပိတ်ထားရာမှာ ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှာတော့ အမှတ် ၁ နဲ့ အမှတ် ၂ ဈေးကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒါပေမယ့် လူစုလူဝေး ပွဲလမ်းသဘင်၊ ဘာသာရေးဆိုင်ရာအခမ်းအနားတွေ ကျင်းပခွင့်မပြုသေးသလို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေနဲ့အညီ နေထိုင်သွားလာဖို့ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ 

ဓာတ်ပုံ- Thaung Tun Facebook 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013