DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်တွင် မေလအတွင်း လူ ၂၀ ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား
DVB
·
June 2, 2020
ရွှေဘိုမြို့နယ်တွင် မေလအတွင်း လူ ၂၀ ဦး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာမှာ မေလအတွင်းက သွေးလွန်တုပ်ကွေးကြောင့် လူ ၂၀ ဦး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ မြို့နယ်ကျန်းမာရေးဝန်ထမ်းတွေ ထံက သိရပါတယ်။ 

အသက်အငယ်ဆုံး ၁ နှစ်ကနေ အကြီးဆုံး ၂၂ နှစ်ထိ ပါဝင်ပြီး လက်ရှိမှာ အားလုံးပျောက်ကင်းသွားပြီဖြစ်တဲ့အတွက် ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ရွှေဘိုဆေးရုံကြီးမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် လာရောက်ကုသသူ ၄၀ နီးပါးရှိပြီး  မေလအတွင်းမှာတော့ ပိုမိုများပြားလာတယ်လို့ ရွှေဘိုဆေးရုံအုပ်ကြီးကလည်း ပြောပါတယ်။

"ဒီနှစ်အတွင်း ၃၈ ယောက်ရှိပြီ။ အများစုကတော့ ၁ နှစ်ကနေ ၅ နှစ်ကြား ကလေးငယ်တွေကပေါ့။ဒီချိန်တွေဆို အများသောအားဖြင့်က မိုးတွင်းကာလပေါ့။ အခုနောက်ပိုင်းမှာ မတ်လလောက်ဆို စတွေ့လာရတယ်။ ရာသီဥတု ပူလာတာလည်း ပါတာပေါ့။ အများသောအားဖြင့်က ပူတဲ့နေရာတွေ၊ ရေဝပ်တဲ့နေရာတွေပေါ့။ အဓိကက ကာကွယ်ရေး လုပ်ငန်းကို လိုက်နာမယ်။ လုပ်နိုင်မယ်ဆိုရင်တော့ ထိန်းလို့ရမှာပေါ့။ ဖုံးသွန်လဲစစ်ကိစ္စတွေပေါ့။ ဒါတွေကလည်း အမြဲတမ်းတော့ တီဗွီတွေမှာလည်း ကျန်းမာရေးသတိပေးတာတွေ အမြဲတမ်းတော့ ထည့်ပါတယ်။ အခုကတော့ တုပ်ကွေးကာကွယ်ဆေးတွေလည်း ထိုးနေကြတာပေါ့နော်။"လို့ ရွှေဘိုအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက ရာသီမရွေး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက်သေဆုံး တဲ့အထိလည်း ဖြစ်နိုင်တဲ့အတွက် အများဆုံးဖြစ်လေ့ရှိတဲ့ မိုးရာသီမှာ မိုးရေခိုအောင်းပြီး ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖုံးသွန်လဲစစ် မှန်မှန်လုပ်ကြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

နောက်ထပ်ရောဂါဖြစ်ပွားတာ မရှိအောင် အသိပညာပေးတာ၊ ဆေးခပ်တာ၊ ခြင်ဆေးဖျန်းတာတွေကို ပြုလုပ်ထားတယ်လို့  ဆိပ်ခွန်ကျေးရွာ ကျေးလက်ကျန်းမာရေးမှူး ဒေါ်မီမီလှိုင်က ပြောပါတယ်။

"ဖုံးသွန်လဲစစ်လုပ်ငန်းတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်တာ မရှိပါဘူး။ နှစ်တိုင်းလည်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေလုပ်တယ်။ ကျောင်းတွေဖွင့်တဲ့အခါ မိဘတွေခေါ်ပြီး ဟောပြောပွဲတွေလုပ်တယ်။ ကျောင်းသူကျောင်းသားတွေခေါ်ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေလုပ်တယ်။ ဒီနှစ်က ရောဂါဖြစ်တာကလည်း စောတယ်။ ကျောင်းတွေကလည်း မဖွင့်သေးတော့ ပြည်သူလူထုနဲ့ တွေ့ရတာလည်း နည်းတယ်။ အသံချဲ့စက်နဲ့ပဲ ပြောရတယ်။ ကိုဗစ်ကြောင့် အနယ်နယ်အရပ်ရပ်က မိသားစုဝင်တွေက ပြန်လာကြတယ်။ ရောဂါပိုးသယ်ဆောင်သူကလည်း ရှိလာပြီ။ တခါမှ မဖြစ်ဖူးတော့လည်း ပေါ့ဆတယ်ပေါ့။ မိုးနည်းနည်းကျတော့ ရေလှောင်တယ်။ လောက်လန်း သေဆေး မခပ်ဘူး။ ဖုံးသွန်လဲစစ်မှန်မှန်မလုပ်တော့ ကူးစရာခြင်ကလည်းရှိနေတော့ ရောဂါပိုး ကူးတာတွေ ဖြစ်လာတာပေါ့။"

သွေးလွန်တုပ်ကွေးဖြစ်ပွားခဲ့တဲ့ တည်ပင်ကျေးရွာကို မေလ ၃၀ ရက်နေ့က ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် သွားရောက်ခဲ့ပြီး အားပေးစကားပြောကာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းတွေ ပေးအပ်ခဲ့ပါသေးတယ်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးက ကျန်းမာရေးဝန်ထမ်းတွေတင် လုပ်ဆောင်လို့ မရဘဲ ပြည်သူတွေ ပူးပေါင်းပါဝင်မှသာ ကာကွယ်နိုင်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးကြဖို့ ဆရာဝန်ကြီးက တိုက်တွန်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013