
မကွေးတိုင်းအတွင်း ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကို တိုင်းကျော် သွားလာခွင့်ပြုထားပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ၁၇ မြို့နယ်က ပြန်လာသူတွေကိုတော့ Quarantine ထားရှိမှာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။
မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က " ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ၁၇ မြို့နယ်က ပြန်လာသူတွေကို သက်ဆိုင်တဲ့ နေရာတွေမှာ Facility Quarantine ၂၁ ရက် ထားရှိမှာ ဖြစ်ပါတယ်။ တခြားမြို့နယ်တွေက ပြန်ဝင်လာသူတွေကိုတော့ Quarantine မထားရှိတော့ဘဲ လက်ရှိ Quarantine ဝင်နေတဲ့ သူတွေကိုလည်း ရောဂါဖြစ်ပွားတဲ့ ၁၇ မြို့နယ်က မဟုတ်ရင် နေအိမ်ပြန်ခွင့်ပြုမှာဖြစ်ပါတယ်။ ကန့်သတ်ထားတဲ့ ၁၇ မြို့နယ်ကတော့ အင်းစိန်၊ မရမ်းကုန်း၊ ဟားခါး၊ တီးတိန်၊ ထန်တလန်၊ သံတွဲ၊ တောင်ကုတ်၊ ကျိုက်မရော၊ ကျောက်မဲ၊ မူဆယ်၊ တောင်ကြီး၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုးညှင်း၊ ကော့ကရိတ်၊ တနင်္သာရီ၊ ပန်းတနော်မြို့နယ်တွေ ဖြစ်တယ်” လို့ ပြောပါတယ်။
မကွေးတိုင်းမှာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို မေလ ၂၈ ရက်က တိုင်းကျော်ပြေးဆွဲခွင့်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးကိုတော့ ဇွန်လ ၁ ရက်နေ့က စတင်ပြေးဆွဲခွင့်ပြုထားပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ တိုင်းကျော်နဲ့ပြည်ပကနေ ပြန်ဝင်လာသူ ၁၀၀၀၀ ကျော်လောက်ကို Facility Quarantine ပြုလုပ်ပေးထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး










