
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ လူနာသစ် ထပ်မတွေ့ရဘဲ အတည်ပြုလူနာဟောင်း ၂၂၈ ဦးအနက် နှစ်ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၃၈ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၇၂၇ ခုကို ဒီနေ့မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရတာလို့ ဆိုပါတယ်။
မနေ့ညကလည်း ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၅၉ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၄၆၀ ခု စုစုပေါင်း ၅၁၉ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ် မတွေ့ရှိခဲ့ပါဘူး။
ဇွန်လ ၂ ရက် မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၈ ဦး၊ သေဆုံးသူ ၆ ဦး၊ ပြန်ကောင်းလာသူ ၁၃၈ ဦးနဲ့ ဒီအထဲက ဆေးရုံမှ ဆင်းခွင့်ရသူ ၁၂၈ ဦး ရှိပါတယ်။










