
တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် ဝမ်ဟူနင်း ဟာ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီရဲ့ ထိပ်တန်းအရာရှိ ဂျိုယုံးဝမ်နဲ့ ပြုံယမ်းမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင် ၁၆ ရက်မှာ သတင်းထုတ်ပါတယ်။
ဝမ်ဟူနင်း ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားရဲ့ ဖိတ်ကြားချက်အရ ဇူလိုင် ၁၅ ရက်ကတည်းက ပြုံယမ်းကို ရောက်ရှိနေတာလို့လည်း KCNA သတင်းမှာ ဖော်ပြပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဝမ်ဟူနင်းနဲ့ ဂျိုယုံးဝမ်တို့ဟာ မနေ့က အစည်းအဝေး မလုပ်ခင်မှာ လက်ဆွဲနှုတ်ဆက်ပြီး ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပနေတာကို တွေ့ရပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ပြုံယမ်းကို လာရောက်ချိန်တုန်းက ရှီနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့အကြား သဘောတူထားတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့က "တရုတ်ပါတီနဲ့ အစိုးရရဲ့ ဆန္ဒဖြစ်တယ် ဆိုတာကို ဝမ်ဟူနင်း က ဒီတွေ့ဆုံပွဲမှာ အတည်ပြုပြောကြားခဲ့ကြောင်း KCNA က ဖတ်ကြားသွားပါတယ်။
ဒါ့အပြင် ၂ နိုင်ငံကြား ချစ်ကြည်ရေးတည်ဆောက်ခဲ့တဲ့ ၆၅ နှစ်ပြည့် အထိမ်းအမှတ်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဂျိုယုံးဝမ်ကလည်း မြောက်ကိုရီးယားအနေနဲ့ ပေကျင်းနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးနဲ့ နည်းဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်ချင်တယ်လို့ ဝမ်ဟူနင်းကို ပြောခဲ့ပါတယ်။
ထိပ်တန်းအရာရှိကြီး ၂ ယောက်ဟာ ပြည်သူ့လူနေမှုဘဝ မြှင့်တင်ရေးအပြင် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ၂ နိုင်ငံအာဏာရပါတီတွေကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းစေမဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ KCNA က ဆိုပေမဲ့ အသေးစိတ်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
၁၉၆၁ ခုနှစ် ဇူလိုင် ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အပြန်အလှန် ကူညီရိုင်းပင်းရေး စာချုပ်ဟာ တရုတ်နိုင်ငံရဲ့ တခုတည်းသော တရားဝင် အပြန်အလှန်ကာကွယ်ရေး စာချုပ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။










