
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းလမ်းပေါ်က ရိုးပေါ်ရှိ နတ်ရေကန်တောင်ကြောမှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ ယာယီစခန်း ၄ ခု ထက်မနည်း အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်ခံရပြီး အထိနာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နတ်ရေကန်ဗျူဟာကုန်းကို အင်အားဖြည့်ပြီး AA ကို ထိုးစစ်ဆင်ဖို့ စခန်းအခိုင်အမာ တည်ဆောက်ထားတဲ့ လမ်းသစ်ဘက်မှာရှိတဲ့ ဂုတ်ကြီးစခန်း၊ လမ်းဟောင်းဘက်မှာရှိတဲ့ ပဇီစခန်းနဲ့ မနီးမဝေးက စစ်အာဏာရှင်တပ်ရဲ့ ယာယီစခန်းချထားတဲ့စခန်း ၄ ခုထက်မနည်းကို အာရက္ခတပ်တော် (AA) က ဩဂုတ် ၁၉ ရက် ညနေမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ပဇီလမ်းနဲ့ ဂုတ်ကြီးလမ်းက ယာယီစခန်းတွေလို့ ပြောလို့ရတယ်။ အဲ့ဒီလမ်းထက်က စခန်း ၄ ခုထက်မနည်းကို AA က မနေ့ညနေပိုင်းက ဒရုန်း၊ လက်နက်ကြီးလည်း ပစ်တယ်။ မြေပြင်ကနေလည်း ထိုးစစ်ဆင်တယ်။”
အဲ့ဒီလို တိုက်ခိုက်ခံရတဲ့အတွက် စစ်အာဏာရှင်တပ်ဘက်က အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေများပြီး ယာယီစခန်းတွေကို စွန့်ခွာသွားရတယ်လို့ မြေပြင်ဒေသခံတယောက်က ပြောပါတယ်။
“လောလောဆယ် အထိနာနေလို့ ယာယီစခန်းတွေကနေ သူတို့နောက်ဆုတ်သွားတယ်။ AA ဘက်ကလည်း လှုပ်ရှားတိုက်ခိုက်မူပါ။ သူတို့နောက်ထပ်အင်အားတွေ ဖြည့်ပြီးတက်လာနိုင်တယ်။ ပြီးတော့ လေကြောင်း အန္တရာယ်စိုးရိမ်ရသေးတယ်။”
ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်သားတွေကို ကားနဲ့ ပဒန်းတပ်နယ်ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စခန်းတွေ နောက်ဆုတ်နေရချိန် စစ်အာဏာရှင်ဟာ ညချင်း လေကြောင်းတိုက်ခိုက်ခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း ဂျက်၊ Y12 တို့ ဗုံးကြဲပြီး ဆုန်ကုန်းအမြောက်တပ်ကပါ အတွဲလိုက် ဒုံးနဲ့ ပစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပိတ်မိနေတဲ့ နတ်ရေကန်ဗျူဟာကုန်းကို အင်အားဖြည့်ပြီး AA ကို ထိုးစစ်ဆင်ဖို့ လက်နက်အင်အားလူအင်အား အမြောက်အမြားနဲ့ အကြိမ်ကြိမ်ထိုးစစ်ဆင်နေပေမဲ့ ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။











