
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တို့ကို စစ်အာဏာရှင် လေတပ်က နှစ်ရက် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဂွမြို့နယ်မှာ အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်၊ ရမ္မာကျွန်းကျေးရွာကို ဇွန် ၁၅ ရက် ညနေ ၇ နာရီ ၁၅ မိနစ်ခန့်မှာ စစ်အာဏာရှင်လေတပ်က ဂျက်ဖိုက်တာ တစီးနဲ့ ပေါင် ၅၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့ကာ ၈ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျန္တလီဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျန္တလီမြို့အနီးက ရမ္မာကျွန်းရွာကို စစ်တပ်က ဇွန် ၁၅ ရက် ညနေပိုင်းက ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ဗုံးကြဲတိုက်ခဲ့တာ။ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး အခင်းဖြစ်တဲ့ နေရာမှာတင် ဆုံးသွားတယ်။ နောက်ထပ် ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်။ ဒဏ်ရာရသွားတဲ့အထဲမှာ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေနဲ့ အမျိုးသမီးတွေ များတယ်။ အိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်။”
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ ရမ္မာကျွန်းကျေးရွာ ဦးဝေလင်း (၅၀ နှစ်) နဲ့ ဒေါ်သူဇာမိုး (၃၈ နှစ်)တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူတွေမှာ ရမ္မာကျွန်းကျေးရွာက မယွန်းအိစံ (၁၁ နှစ်)၊ မအေးမြတ်မွန် (၁၂ နှစ်)၊ ဒေါ်အေးသန္တာ (၄၀ နှစ်)၊ ဒေါ်ခင်ဖြူ (၅၂ နှစ်)၊ ဒေါ်စုမြတ်မွန် (၄၂ နှစ်)၊ ဒေါ်ခင်ဥ (၇၀ နှစ်)၊ ကိုအောင်သူရဝင်း (၂၆ နှစ်)နဲ့ ဦးကျော်ညွန့်ဌေး (၅၃ နှစ်) ဖြစ်ကြပါတယ်။
ဇွန် ၁၄ ရက်ကလည်း ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်းစီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကျိန္တလီမြို့အနီး ပတ်ဝန်းကျင်ကို ဇွန် ၈ ရက်နဲ့ ၉ ရက်တွေကလည်း ရေတပ်က လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို ရောက်နေစဥ်မှာ စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က မြို့၊ ရွာတွေကို နေ့စဥ်ရက်ဆက် လေကြောင်းနဲ့ ရေကြောင်းက တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် အောင်သပြေကျေးရွာကိုလည်း စစ်အာဏာရှင်တပ်က ဇွန် ၁၅ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ရေတပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အောင်သပြေ ကျေးရွာဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅ လုံး ပျက်စီးသွားသလို နွား ၈ ကောင်လည်း ထိခိုက်သေဆုံးသွားတယ်လို့ ကျောက်ဖြူဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“တောင်မော်ကြီးရေတပ်အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်က အောင်သပြေရွာကို လေကြောင်းနဲ့ ရေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ရှိတယ်။ လူအထိအခိုက်မရှိပေမဲ့ အောင်သပြေရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားသလို နွား ၈ ကောင်လည်း လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားတယ်။”
အောင်သပြေကျေးရွာ ဘုန်းကြီးကျောင်းအနီးကို ဇွန် ၁၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၂ လုံးကြဲချခဲ့သလို တောင်မော်ကြီး ရေတပ်ရှိ နေဗီကလည်း မနက် ၈ နာရီကျော်မှာ လက်နက်ကြီးနဲ့ ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်မှာ တောင်မော်ကြီး ရေတပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေသလို၊ စစ်တွေ စစ်မျက်နှာ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနဲ့ ချင်းစစ်မျက်နှာတွေမှာ အာရက္ခတပ်တော်ဟာ စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေတာကြောင့် စစ်တပ်က ရခိုင်ကို လေကြောင်းကနေ စစ်ရေးအရ တန်ပြန်ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က မြို့ရွာတွေကို စစ်တပ်က နေ့စဥ်ရက်ဆက် လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ ဆက်တိုက် မြင့်တက်လာနေပြီး လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း AA ဘက်က တိုက်တွန်းထားပါတယ်။










