DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း စာသင်ကျောင်း Quarantine စင်တာများကို ဘုန်းကြီးကျောင်းများတွင်ထားရန် ညှိနှိုင်း
DVB
·
May 31, 2020
စစ်ကိုင်းတိုင်း စာသင်ကျောင်း Quarantine စင်တာများကို ဘုန်းကြီးကျောင်းများတွင်ထားရန် ညှိနှိုင်း
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းတွေ ပြန်အပ်ရတော့မှာဖြစ်တဲ့အတွက် ကျေးလက်တွေက Quarantine Center တွေကို ကျန်းမာရေးဆေးခန်းနဲ့ တချို့ဘုန်းကြီးကျောင်းတွေမှာ ထားရှိဖို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေနဲ့ ရောဂါပိုးတွေ့ရှိရာဒေသကနေ နေရပ်ပြန်လာသူတွေကို မြို့၊ ကျေးရွာတော်တော်များများက စာသင်ကျောင်းတွေမှာ Quarantine Center တွေ ဖွင့်လှစ်ထားရှိပြီး ၁၄ ရက်၊ ၂၁ ရက် စောင့်ကြည့်တာတွေကို ပြုလုပ်နေကြတာပါ။ 

လက်ရှိမှာ Quarantine Center အဖြစ်ထားရှိတဲ့ အခြေခံပညာစာသင်ကျောင်းတွေကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးဖျန်းကာ ပြန်လည်အပ်နှံကြဖို့ မေလ ၁၃ ရက်နေ့ကတည်းက ပြည်ထောင်စုကနေ ညွှန်ကြားထားတယ်လို့ စစ်ကိုင်းတိုင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

“ဘယ်ဌာနတွေမှာ Quarantine Center လုပ်ဖို့ရာ အဆင်ပြေမလဲဆိုတဲ့ စာရင်းကို တောင်းတယ်။ လက်ရှိအချိန်မှာ အဆင့်မြင့်ပညာက တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်း နေရာတွေ၊ ကျန်းမာရေးဌာနအောက်က တိုင်းရင်းဆေးရုံ၊ RHC နေရာတွေ အဲဒီနေရာတွေကို Quarantine Center အဖြစ်ထားဖို့ရာ စီစဉ်ထားတယ်။ နိုင်ငံခြားက ပြန်လာသူတွေကို ရောက်ရောက်ချင်း သက်ဆိုင်ရာ ခရိုင်တွေမှာ ၅ ရက်ထားမယ်။ ပြီးရင် နမူနာယူ ဓာတ်ခွဲစစ်ဆေးမယ်။ ပိုးတွေ့ရင် ကန်တော်နဒီကိုပို့ပြီးတော့ ကုသမှု ခံယူစေမယ်။ ပိုးမတွေ့ရင် သက်ဆိုင်ရာ မြို့နယ်ပို့ပြီး Quarantine ၂၁ ရက်ထားမယ်။ ဒါပြီးမှ အိမ်မှာ ၇ ရက်ဆက်နေရမယ်။ ကျေးလက်တွေမှာတော့ ကျန်းမာရေးဌာနတွေမှာ ထားနိုင်အောင် ကြိုတင်ပြင်ဆင်နေတယ်။ ကျန်းမာရေးဆေးခန်းတွေရှိတဲ့နေရာ၊ လုံခြုံရေးစောင့်ရှောက်ပေးနိုင်တဲ့ နေရာတွေကို စီစဉ်နေပါတယ်။”

ပြည်ထောင်စုကနေ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခြေခံပညာကျောင်းပေါင်း ၆၀၂၁ ကျောင်းကို Quarantine Center တွေအဖြစ် အသုံးပြုနေတာပါ။ 

လက်ရှိအချိန်ထိတော့ Quarantine Center အဖြစ် အသုံးပြုနေတဲ့ အခြေခံပညာကျောင်းတွေကို စနစ်တကျ ပြန်လည်အပ်နှံတာမျိုး မရှိသေးပေမယ့် တချို့ ပြည်ပ ပြန်လာစရာ မရှိတော့တဲ့ ကျေးလက်လိုနေရာတွေမှာတော့ ပိုးသတ်ဆေးဖျန်းတာတွေ ပြုလုပ်နေပါတယ်။ 

ထိုင်းနိုင်ငံကနေ ပြန်လာသူ ၄ ဦးကို ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ ထားမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဝက်လက်မြို့နယ်မှာ မေလ ၃၀ ရက်နေ့ညပိုင်းက လူပေါင်း ၂၀၀ လောက် လူစုလူဝေးနဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးကနေ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

စစ်ကိုင်းတိုင်း ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မေလ ၂၉ ရက်နေ့ထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ Facility Quarantine Center အရေအတွက် ၁၈၅၆ ခု၊ ပြည်ပက ပြန်လာသူဦးရေ ၁၆၆၆၉ ဦး၊ Community Base Facility Quarantine စောင့်ကြည့်သူ ၅၇၆၈ ဦးနဲ့ အဖြေမရသေးတဲ့ သံသယလူနာ ၈ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013