မောင်တောတွင် ကျပ်သိန်းပေါင်း ၁ သိန်း ၄ သောင်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
May 31, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၊ မြို့မကညင်တန်းကျေးရွာက မူးယစ်တရားခံပြေး ၁ ဦးရဲ့ နေအိမ်မှာ ကျပ်သိန်းပေါင်း ၁ သိန်း ၄ သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ မောင်တောမြို့နယ်ရဲစခန်းက သိရပါတယ်။
မေ ၃၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်က မောင်တောမြို့နယ်ရဲတပ်ဖွဲ့က အဲဒီနေအိမ်ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနှင်းဖမ်းဆီးစဉ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ WY နဲ့ R စာတန်းပါ စိတ်ကြွဆေးပြား သိန်း ၇၀ ကျော် ဖမ်းဆီးရမိခဲ့တာလို့ မောင်တောမြို့နယ်ရဲစခန်း တာဝန်ရှိသူအရာရှိတဦးက ပြောပါတယ်။
“ဟုတ်ပါတယ်။ မူးယစ်ဆေးတရားခံဝရမ်းပြေးတစ်ဦး နေအိမ်ကို သတင်းအရ ဝင်ရောက်စီးနင်းရှာဖွေတာ မြေအောက်ခန်းမှာ မူးယစ်ဆေး သိန်း ၇၀ ကျော်နဲ့အတူ သူ့ဖခင်နဲ့ သူ့အမျိုးသမီးကို ဖမ်းမိခဲ့တယ်။”
နေအိမ် ကြွေပြားကြမ်းခင်းအောက်ရှိ မြေအောက်အခန်းငယ်အတွင်း ကာလတန်ဖိုး ၁ သိန်း ၄ သောင်းကျော် တန်ဖိုးရှိ ပီနံအိတ်နဲ့ ထုတ်ထားတဲ့ မူးယစ်ဆေးအထုပ်ကြီး ၃၅ ထုတ်အတွင်း WY/R စာတန်းပါ စိတ်ကြွဆေးပြား ၇၀၉၀၇၀၀ ပြားကို မူးယစ်ဆေး လက်ဝယ်တွေ့ရှိသူ တရားခံလို့ ယူဆရသူ နှစ်ဦးနဲ့ ဖမ်းဆီးမိခဲ့တာပါ။
မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ နှစ်ဦးဖြစ်တဲ့ ဂျူဟာရ်ဟူဆိန်း (၆၅) နှစ်နဲ့ ရေခါယာဒ်ဖာတေမာ (၂၅) နှစ်တို့အား မောင်တောမြို့နယ်ရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။
လင်းလက်