ကိုလံဘီယာနိုင်ငံမှာ ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်း ၂၈၁ ယောက်အထိ ရှိလာပြီး အနည်းဆုံး ၃၇၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကိုလံဘီယာသမ္မတ အာဘီလာဒို ဒေလာ အက်စပရီယဲလာက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့က အဓိက အရေးကြီးဆုံးလုပ်ငန်းဖြစ်ကြောင်းလည်း သမ္မတက ဩဂုတ် ၁၃ ရက်မှာ ပြောကြားလိုက်ပြီး သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက်လည်း ထပ်တူ ဝမ်းနည်းဆုတောင်းပေးခဲ့ပါတယ်။
ဘိုဂိုတာမြို့ကနေ ပြောကြားရာမှာ ဒေလာ အက်စပရီယဲလာက မိသားစုပေါင်း ၄၄,၉၃၆ စု ထိခိုက်ခံစားခဲ့ရပြီး လူပေါင်း ၃,၉၇၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အသက်ကယ်ဆယ်ရေးဟာ အစိုးရရဲ့ ပထမဦးစားပေး ဖြစ်တာကြောင့် နိုင်ငံတွင်းအင်အားအပြင် ရောက်ရှိလာတဲ့ နိုင်ငံတကာ အကူအညီတွေကိုပါ အပြည့်အဝ အသုံးပြုပြီး ရှာဖွေနေပါတယ်။
ဒါ့အပြင် ကယ်ဆယ်ရေးမှာ ပါဝင်နေကြတဲ့ စစ်တပ်၊ ရဲ၊ မီးသတ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
ကိုလံဘီယာ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဒေးဗစ် တာမာယို ကတော့ “အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရှိဖို့ မျှော်လင့်ချက် နည်းပါးလာပြီဆိုပေမဲ့ အသက်ရှင်လျက်ဖြစ်စေ၊ ရုပ်အလောင်းဖြစ်စေ မတွေ့မချင်း ရှာဖွေရေးကို မရပ်နားဖို့ အမိန့်ပေးထားပါတယ်” လို့ ဆိုပါတယ်။
ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိတဲ့ အဲဒီငလျင်ဟာ မနက် ၇ နာရီခွဲကျော်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ခန်းတွေ ပြိုကျတာ၊ နေအိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေ ပျက်စီးခဲ့တာကြောင့် ကော်ဖီစိုက်ပျိုးရာ ကိုလံဘီယာအနောက်ပိုင်းက ဒေသခံတွေ လမ်းပေါ်ထွက် ပြေးလွှားခဲ့ကြရပါတယ်။
သမ္မတကတော့ ပြန်လည်ထူထောင်ရေးဟာ အစိုးရတရပ်တည်း လုပ်ဆောင်လို့ မရနိုင်တာမို့ နိုင်ငံအတွင်းက ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပြီး အဲဒီ ပုဂ္ဂလိက ကဏ္ဍကလည်း ကူညီဖို့ သဘောတူညီခဲ့ကြပါတယ်။
Source: Reuters











