DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ပိတ်ထားသည့် စေတီဘုရားများပြန်ဖွင့်ခွင့်ရရန် တာဝန်ရှိသူများ စီစဉ်နေ
DVB
·
May 29, 2020
ဧရာဝတီတိုင်းက ပိတ်ထားသည့် စေတီဘုရားများပြန်ဖွင့်ခွင့်ရရန် တာဝန်ရှိသူများ စီစဉ်နေ
Donate to DVB

ဧရာဝတီတိုင်းက ပိတ်ထားတဲ့ စေတီဘုရားတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရရေး တာဝန်ရှိသူတွေ စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း သင်္ကြန်ကာလရုံးပတ်ရက်မှ စတင်ကာ တိုင်းဒေသကြီး အတွင်းက ဘုရားဖူးလာရောက်မှုများပြားတဲ့ စေတီနဲ့ ဘုရားတွေကို ရောဂါထိန်းချုပ်ရေး အတွက် ဖူးမြော်ခွင့်ကို ဧပြီလ ဒုတိယပတ်ကစတင်ပြီး တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ပိတ်ထားခဲ့တာပါ။

အနယ်နယ်က ဘုရားဖူးဧည်သည့်တွေလာရောက် ဖူးမြော်ခွင့်ကို ပိတ်ထားခံရတဲ့ စေတီ ဘုရားတွေက တာဝန်ရှိသူတွေကတော့ ဇွန်လအတွင်း စေတီ ဘုရားတွေ ဖူးမြော်ခွင့်ရရှိနိုင်ဖို့ အတွက် ရောဂါထိန်းချုပ်ရေးအစီစဉ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ပုသိမ်မြို့ ရွှေမုဌောစေတီ ဂေါပကအဖွဲ့က အလှည့်ကျသဘာပတိ ဦးစန်းငွေက "တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုမယ်ဆိုရင် လဆန်းပိုင်းကနေစပြီး ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ် ထားပါတယ်၊ ဖွင့်တဲ့အခါမှာလည်း အဆင်သင့်ဖြစ်အောင် ရင်ပြင်တဝိုက်မှာ ပိုးသတ်ဆေးဖြန်း တာတွေ၊ ဝန်ထမ်းတွေကို စနစ်တကျ တာဝန်ပေးထားတာတွေ လုပ်ဆောင်ထားတယ်" လို့ ပြောပါတယ်။

စေတီဘုရားတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရချိန်မှာ ဘုရားစောင်းတန်းမှာ အပူချိန်ထားတာတွေ၊ လက်ဆေးစင်တွေ ထားပေးတာတွေနဲ့ လူစုလူဝေးမဖြစ်အောင်လည်း ထိန်းသိမ်းနိုင်ဖို့ ခုကတည်းက ဝန်ထမ်းတွေကို ကြိုတင်လေ့ကျင့်ပေးနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် ပိတ်ထားခဲ့တဲ့ စေတီ ဘုရားတွေကို ဂေါပကအဖွဲ့က တာဝန်ရှိသူတွေက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ ကိုလိုက်နာပြီး လူစုလူဝေးမဖြစ်ဖို့အတွက် တာဝန်ယူနိုင်ရင် ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားဖို့ ရှိတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပိတ်ထားတဲ့ စျေးဆိုင်တွေနဲ့ ဆိုင်ခန်းတွေကို မေလ ၁၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သလို မြို့ပေါ်မှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပြန်လည်ဖွင့်လှစ် ခွင့်ပေးပြီးနောက်ပိုင်း ဘုရားဖူးမြော်ခွင့်အတွက် စေတီ ဘုရားတွေကိုလည်း ပြန်လည်ဖွင့်ပေး သင့်တယ်လို့ ပြောဆိုတာတွေလည်း ရှိလာပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းအတွင်းက အနယ်နယ် အရပ်ရပ်က ဘုရားဖူးလာရောက်မှုများပြားတဲ့ စေတီ ဘုရားတွေကို ဧပြီလ ၁၀ ရက်နေ့ကနေ စတင်ပိတ်ထားခဲ့ပြီး ၁ လကျော်ကြာမြင့်လတဲ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတာပါ။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013