DVB Logo
Home
မြန်မာသတင်း
ကုန်ဈေးနှုန်းကြောင့် အလုပ်သမားများ လုပ်ခ မလုံလောက်၊ လုပ်ခတိုးပေးရန် တောင်းဆိုမည်
DVB
·
April 29, 2026
Photo : DVB
Photo : DVB
Donate to DVB

မြန်မာပြည်တွင်းမှာ ကုန်ဈေးနှုန်း အဆမတန်တက်တာကြောင့် အလုပ်သမားတွေရဲ့ အခြေခံလုပ်ခ မလုံလောက်ဘဲ စားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့အတွက် မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံက ကုန်ဈေးနှုန်းဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်း မြင့်တက်လာပြီး အလုပ်သမားအများစု ရရှိနေတဲ့ အခြေခံလုပ်အားခ တရက်ကို ငွေကျပ် ၁၀,၀၀၀ အောက်ဟာ မလောက်ငတော့ဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာ၊ လုပ်ခလစာ မဖူလုံတာနဲ့ လုပ်ငန်းခွင် လုံခြုံရေး ကျဆင်းလာနေကြောင်း သတိပေးထားပါတယ်။

အလုပ်သမားတွေ ဖူလုံတဲ့ဝင်ငွေ ရရှိဖို့ အလုပ်သမားအဖွဲ့တွေက စစ်တမ်းတွေ ကောက်ထားပြီး တရက်ကို လုပ်အားခ အနည်းဆုံး ငွေကျပ် ၁၅,၀၀၀ အထက် ရရှိမှသာ အခြေခံ စားဝတ်နေရေး လောက်ငနိုင်မယ်လို့ ဆိုပါတယ်။

MICS-TUsF အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က “လက်ရှိ ကုန်ဈေးနှုန်းကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရိပ်ရိပ်တက်လာတာ အခုဆိုရင် ၅ ဆနီးပါးလောက် ဖြစ်လာပြီ။ ကျနော်တို့က အလုပ်သမားတွေရဲ့ ဖူလုံသောဝင်ငွေ ရဖို့အတွက် MICS အဖွဲ့ကနေ အလုပ်သမားတွေရဲ့ ဝင်ငွေ၊ ကုန်ကျစရိတ်၊ စားသောက်စရိတ်၊ နေထိုင်စရိတ်၊ ကျန်းမာရေးနဲ့ လူမှုရေးစရိတ် စတဲ့ အဲ့စရိတ်တွေနဲ့ ပတ်သက်ပြီး MICs က စစ်တမ်းတခု ကောက်ခဲ့တာ ရှိတယ်။ အဲစစ်တမ်းအရ ပေါ်ထွက်လာတာက အလုပ်သမားတွေရဲ့ ဝင်ငွေသည် တရက်ကို ၁၅,၆၀၀ ရှိဖို့ လိုတယ်။ အဲ့တော့ အလုပ်သမားတယောက်က တရက်ကို ကျပ် ၁၅,၆၀၀ ရမှ ဖူလုံသောဝင်ငွေ ဖြစ်မှာကို ကျနော်တို့ တွေ့ရပါတယ်။ MICS အဖွဲ့ချုပ်အနေနဲ့ မေဒေးနေ့မှာ အလုပ်သမားတွေကို ကျပ် ၁၅,၆၀၀ ပေးဖို့ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရတဲ့ ဘရန်းဒ်တွေ၊ နိုင်ငံတကာ အမှတ်တံဆိပ်တွေ၊ အလုပ်သမားတွေရဲ့ လုပ်အား ရယူနေတဲ့ ဘယ်သူ့ကိုမဆို တောင်းဆိုသွားဖို့ ရှိတယ်။ နည်းလမ်းပေါင်းစုံ ဆွေးနွေးသွားဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိ စက်ရုံအများစုက အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၄,၈၀၀ ကို အခြေခံပြီး ထောက်ပံ့ကြေးတွေ ထည့်သွင်းကာ စုစုပေါင်း ကျပ် ၇,၈၀၀ ဝန်းကျင်သာ ပေးကြပြီး အချိန်ပိုကြေး တွက်ချက်ရာမှာ လည်း အခြေခံလုပ်ခနဲ့သာ တွက်တာကြောင့် အလုပ်သမားတွေအတွက် ထိရောက်မှု မရှိဘူးလို့ ဆိုပါတယ်။

တဖက်မှာလည်း ရန်ကုန်မှာ နေထိုင် စားသောက်စရိတ် မြင့်တက်လာပြီး အဆောင်ခတွေက လစဉ် ကျပ် ၈၅,၀၀၀ ကနေ ၁ သိန်းဝန်းကျင် ရှိလာတာကြောင့် အလုပ်သမားတွေရဲ့ ဝင်ငွေအများစုဟာ နေစရိတ်နဲ့ စားစရိတ်မှာပဲ ကုန်သွားနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်လုပ်နေတဲ့ စက်ရုံအလုပ်သမတယောက်က “တနေ့ကို အနည်းဆုံး ၂၀,၀၀၀ လောက်မှ ဝန်ထမ်းတယောက်က လောက်ငတယ်။ အဲ့လောက် မရရင်တောင်မှ တသောင်းခွဲအောက်ကို မကျမှ ညီမတို့က အဆင်ပြေမှာ။ ဘာလို့လဲဆိုတော့ ညီမတို့ အခုနေတဲ့ အဆောင်တွေဆိုရင် ၁၅,၀၀၀ ဈေးတက်တယ်။ အဆောင်ခနဲ့တင် ၈၅,၀၀၀ ကနေ ၁၅,၀၀၀ တက်တော့ တသိန်းရှိတယ်။ တယောက်တည်းနေလည်း တသိန်း၊ နှစ်ယောက်နေလည်း တသိန်းပဲ။ အဲဒါဖြစ်တဲ့အတွက် အဆောင်ခ တခုတည်းနဲ့ လုပ်ခလစာ ၁၅,၀၀၀  ဆိုရင်တောင် တလမှာ ၄ သိန်းခွဲဆိုတော့ အဆောင်ခမှာတင် တသိန်းထွက်သွားပြီ။ မီးဖိုး၊ ရေဖိုး မပါသေးဘူး။ စားစရိတ် ဘာညာနဲ့ဆိုရင် နေ့ကြေး  ၁၅,၀၀၀ သည် စားစရိတ်နဲ့ပဲ ကုန်သွားတယ်။ ညီမတို့ မိဘတွေကို ထောက်ပံ့ဖို့ မလောက်ဘူး။ အဲ့တော့ မရဘူးဆိုရင်တောင် ဒေးကြေး ၂၀,၀၀၀ လောက်မှ ညီမတို့ဝန်ထမ်းတွေအတွက် အဆင်ပြေမယ်” လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ် အစပိုင်းကတည်းက စက်ရုံအလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှု တွေ ဆက်တိုက် ပြုလုပ်နေကြပေမဲ့ တချို့နေရာတွေမှာ စက်ရုံဘက်က စစ်တပ်နဲ့ ရဲခေါ်ကာ အလုပ်သမားတွေကို ဖိအားပေး၊ ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ဒီနှစ် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) မှာ အလုပ်သမားအဖွဲ့အစည်းတွေက ဖူလုံတဲ့ လုပ်ခလစာ သတ်မှတ်ပေးရေးအပြင် ဖမ်းဆီးခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တွေ လွှတ်ပေးရေးကိုပါ စုပေါင်းတောင်းဆိုသွားမယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013