DVB Logo
Home
နိုင်ငံတကာ
ဥပ‌ဒေချိုးဖောက်သည့် အလုပ်သမား ခန့်ထားပါက ဒဏ်ငွေချမည်ဟု ထိုင်းအလုပ်ရှင်များကို ထပ်မံသတိပေး
DVB
·
September 7, 2026
Photo: 3Plus News
Photo: 3Plus News
Donate to DVB

ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သားတွေကို ငှားရမ်းခန့်ထားပါက ဘတ်ငွေ ၁၀၀,၀၀၀ ထိ ဒဏ်ငွေချခံရမယ်လို့ ထိုင်းအစိုးရက အလုပ်ရှင်တွေကို ထပ်မံ သတိပေးလိုက်ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံခြားသား၊ ရွှေ့ပြောင်းလုပ်သားတွေကို တရားဥပဒေဘောင်ထဲမှာ စနစ်တကျ ရှိစေဖို့ စီမံဆောင်ရွက်နေတယ်၊ တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေ၊ အလုပ်ရှင်နဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တင်းကျပ်စွာ စစ်ဆေးပြီး ဥပဒေအတိုင်း ပြတ်သားစွာ အရေးယူဖို့  ဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို ညွှန်ကြားထားတယ်လို့ ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး ဒုပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးစစ်ဗိုလ် ဖတ်ဒါရတ် ထောင်းစလွေကွဏ်းက စက်တင်ဘာ ၄ ရက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။

အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားကတ်မရှိတဲ့ အလုပ်သမားတွေ၊ ဥပ‌ဒေက ခွင့်ပြုတဲ့ အလုပ်အမျိုးအစားထက် ကျော်လွန်လုပ်ကိုင်တဲ့ အလုပ်သမားတွေကို ခန့်အပ်တာ၊ ခိုင်းစေတာ၊ ဝန်ဆောင်မှုပေးတာတွေ မလုပ်ဖို့ ပြတ်ပြတ်သားသား သတိပေးနှိုးဆော်တယ်၊ ဥပမာ- ထိုင်းရိုးရာ အနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်၊ အလှပြင်၊ ယာဉ်မောင်း အစရှိတဲ့ အလုပ်တွေ ဝင်လုပ်ရင် ၂၀၁၇ နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်ရာ ရောက်ပါတယ်။

အထက်ပါ အလုပ်သမားဥပ‌ဒေတွေ ချိုးဖောက်ပါက အဆိုပါအလုပ်ရှင်ဟာ အလုပ်သမားတယောက်အတွက် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ချမှတ်ခံရမယ်၊ အဲဒီအမှုကို ထပ်မံကျူးလွန်က အလုပ်သမားတယောက်အတွက် ထောင်ဒဏ်တနှစ် ဒါမှမဟုတ် ငွေဒဏ်  ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာဖြစ်တဲ့အပြင် နိုင်ငံခြားအလုပ်သမားငှားရမ်းခွင့် ၃ နှစ်တာ ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်သမားကတ်မရှိတဲ့၊ ဥပဒေက ခွင့်မပြုတဲ့ အလုပ်မှာ ဝင်လုပ်တဲ့ အလုပ်သမားတွေ ကိုယ်တိုင်လည်း ဒဏ်ငွေ အနည်းဆုံး ဘတ် ၅,၀၀၀ မှ ဘတ် ၅၀,၀၀၀ ထိ ချမှတ်ခံရမယ်၊ ဒဏ်ငွေပေးဆောင်ပြီးက ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး ၂ နှစ်တာ အလုပ်သမားကတ် လျှောက်ထားခွင့် ပိတ်ပင်ခံရမယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ လူကုန်ကူးမှုပြဿနာကို ကာကွယ်ဖို့နဲ့ ထိုင်းနိုင်ငံသားတွေအတွက်သာ သီးသန့် သတ်မှတ်ထားတဲ့ အလုပ်အကိုင်တွေ လုယူခံရမှုက ကာကွယ်ဖို့ မှန်ကန်ပြီး တရားမျှတတဲ့ လုပ်သားအသုံးပြုမှု စံနှုန်းတွေကို ထူထောင်လိုကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အေက်တိုဘာမှ ၂၀၂၆ စက်တင်ဘာလထိ တနှစ်နီးပါးကာလအတွင်း တာဝန်ရှိသူတွေအနေနဲ့ ထိုင်းတနိုင်ငံလုံးရှိ လုပ်ငန်းခွင်ပေါင်း ၇၄,၂၅၆ နေရာ စစ်ဆေးခဲ့ပြီး ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းခွင် ၁,၇၂၁ ခုကို အရေးယူခဲ့တယ်။

နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားပေါင်း ၈၈၈,၆၂၀ ယောက်ကို စစ်ဆေးပြီး ၅,၃၃၀ ယောက်ကို အရေးယူခဲ့တယ်၊ အဲဒီထဲမှာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ချန်ထားတဲ့အလုပ်ကို ဝင်လုလုပ်ကိုင်သူ ၁,၇၉၂ ယောက်ကို အရေးယူခဲ့တယ်လို့ ထိုင်းအလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Source: 3Plus News / Voice TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013