
မြန်မာနိုင်ငံက အထည်ချုပ်ကဏ္ဍမှာ နိုင်ငံတကာ အမှတ်တံဆိပ်တွေ ထွက်ခွာတာနဲ့ စက်ရုံတွေ ပိတ်သိမ်းတာကြောင့် အလုပ်သမား ထောင်ချီ အလုပ်အကိုင် ဆုံးရှုံးနေပါတယ်။
၂၀၂၆ ခုနှစ်အတွင်း H&M Brand ချုပ်တဲ့ စက်ရုံတွေ ပိတ်သိမ်းတာကြောင့် အလုပ်သမားတွေ အလုပ်သစ်ရဖို့ ခက်ခဲနေကြပါတယ်။
ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်က တရုတ်နိုင်ငံသားပိုင် Teng Hui Myanmar သိုးမွေးအထည်ချုပ် စက်ရုံကို လာမဲ့ အောက်တိုဘာ ၁ ရက်ကစပြီး အပြီးတိုင် ပိတ်သိမ်းတော့မှာပါ။
အဲဒီစက်ရုံဟာ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် H&M အထည်အော်ဒါတွေကို ချုပ်လုပ်ပေးနေတဲ့ သိုးမွေးစက်ရုံ ဖြစ်ပါတယ်။
စက်ရုံမှာ အလုပ်သမားနဲ့ ဝန်ထမ်း ၃,၀၀၀ ကျော်ရှိပြီး အများစုက အမျိုးသမီးအလုပ်သမားတွေ ဖြစ်ပါတယ်။
စက်ရုံပိတ်သိမ်းရတဲ့ အကြောင်းရင်းက အထည်အော်ဒါ လျော့နည်းတာ၊ စက်ပစ္စည်းအပိုတွေ တင်သွင်းရ ခက်တာနဲ့ ကုန်ကြမ်းရရှိမှု အခက်အခဲတွေကြောင့်လို့ စက်ရုံဘက်က အလုပ်သမားတွေကို အသိပေးထားပါတယ်။
စက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမဲ့ အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေး ပေးသွားမယ်လို့ စက်ရုံဘက်က ဆိုပါတယ်။
ဒါ့အပြင် ဒီလအတွက် လုပ်ခလစာကိုလည်း စက်တင်ဘာလကုန်မှာ အပြီးသတ် ရှင်းပေးသွားမယ်လို့ ဆိုပါတယ်။
Teng Hui Myanmar စက်ရုံအလုပ်သမတယောက်က “ကျမတို့ဆိုရင်လည်း ၂၀၁၉ ရွာက တက်လာကတည်းက ဒီစက်ရုံမှာပဲ လုပ်တာဆိုတော့လေ ကြားထဲမှာလည်း ဝင်လိုက်ထွက်လိုက်နဲ့ လုပ်လာတာဆိုတော့ စိတ်တောင်မကောင်းဘူးပေါ့နော်။ ဒါပေမဲ့ တကယ်ပိတ်သွားတော့လည်း ဘယ်တတ်နိုင်မလဲ။ တချို့ကျတော့ ၁၀ နှစ်အထက် လုပ်တဲ့သူတွေ၊ ၁၃ နှစ်၊ ၁၂ နှစ် သက်တမ်းရှိတဲ့ လူတွေဆိုရင် သူတို့အသက်တွေလည်း ကြီးသွားတော့ တခြားအလုပ်တွေကျ သိပ်ပြီး မလုပ်တတ်ကြတာတွေ အဲလိုမျိုး အခက်အခဲတွေ ရှိကြတယ်။ ဒီမှာ သိုးမွေးချုပ်တာဆိုတော့ မော်တာတို့ ဘာတို့လည်း မတတ်ဘူး။ မော်တာအလုပ်ခေါ်တဲ့ အချိန်ကျရင် မော်တာကျွမ်းကျင်တွေပဲ ခေါ်တာများတော့ သူတို့အနေနဲ့ အခက်အခဲတွေတော့ ရှိတယ်။ ဒီမှာကျ သိုးမွေးဆိုတော့ သိုးမွေးကျွမ်းကျင်တဲ့လူတွေအတွက် မော်တာကျတော့လည်း သိပ်မလုပ်ချင်ကြဘူး။ ကိုယ်ကျွမ်းကျင်တာလေးတွေပဲ သူတို့လုပ်ချင်ကြတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် H&M အမှတ်တံဆိပ်ဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေကြောင့် ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကနေ ထုတ်လုပ်ရေးလုပ်ငန်းတွေကို အဆင့်ဆင့် ရပ်ဆိုင်းပြီး ထွက်ခွာမဲ့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ဘရန်းဒ်တွေ ထွက်ခွာမှုကြောင့် ၂၀၂၆ ခုနှစ်အတွင်း စက်ရုံပိတ်သိမ်းမှုတွေ ဆက်တိုက်ဖြစ်လာနိုင်ပြီး အလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံးမှု ပိုများလာနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
MICS-TUsF အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “ဒီလို စက်ရုံပိတ်လိုက်ပြီ ဆိုတာနဲ့ တပြိုင်နက် ပထမဦးဆုံး အရေးကြီး ဆောင်ရွက်ရတာကတော့ ဥပဒေနဲ့အညီ စက်ရုံပိတ် နစ်နာကြေးရဖို့ ဆောင်ရွက်ပေးရမဲ့ အခြေအနေက အရေးကြီးတာပေါ့။ နောက်တခုက နိုင်ငံတကာ ဘရန်းဒ်တွေအနေနဲ့ အခုလို မြန်မာနိုင်ငံကနေ ထွက်ခွာတဲ့အခါမှာ တာဝန်ယူမှု တာဝန်ခံမှု ရှိစွာနဲ့ ထွက်ခွာဖို့က အင်မတန်မှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေက တွန့်ဆုတ်နေတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေ မပြေလည်တာကြောင့်ပါ။ ဒီ နိုင်ငံရေး ပြဿနာတွေ မပြေလည်သရွေ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာဖို့ဆိုတာက မျှော်လင့်လို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို မျှော်လင့်လို့ မရသေးတဲ့ အခြေအနေမှာ အလုပ်သမားတွေက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အထည်ချုပ်လုပ်ငန်းဟာ ပြည်ပက ကုန်ကြမ်းနဲ့ အမှာစာတွေကို အဓိက မှီခိုနေရတဲ့ CMP (Cutting, Making and Packaging) စနစ်နဲ့ လည်ပတ်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာ ဘရန်းဒ်တွေရဲ့ အမှာစာ ကျဆင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာမှုတွေဟာ စက်ရုံတွေအပေါ် တိုက်ရိုက် ရိုက်ခတ်နေပါတယ်။
စက်ရုံတွေ ပိတ်သိမ်းလာတာနဲ့အတူ အလုပ်သမားထောင်ချီ အလုပ်အကိုင် ဆုံးရှုံးရတာဟာ လက်ရှိ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတဲ့ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက မှတ်ချက်ပေးပါတယ်။
ဇွဲသစ်











