DVB Logo
Home
မြန်မာသတင်း
ရခိုင်မြောက်ပိုင်း ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်နေ
DVB
·
July 14, 2026
ရခိုင်မြောက်ပိုင်း ရေပြန်ကျ၊ ရေဘေးသင့်ပြည်သူများ အကူအညီ လိုအပ်နေ
1 / 5
Photo: APM
Donate to DVB

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရေကြီး၊ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရတဲ့ မြို့နယ်တွေမှာ ဇူလိုင် ၁၂ ရက်ကစပြီး ရေပြန်ကျသွားပြီဖြစ်ပေမဲ့ ရေဘေးသင့်ပြည်သူတွေ အကူအညီ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတွေဆီက သိရပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ မနက်ကတည်းက မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ရေပြန်ကျခဲ့တာဖြစ်ပြီး ရေဘေးသင့် ပြည်သူ့အချို့လည်း သူတို့ရဲ့ နေအိမ်တွေကို ပြန်နေကြပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

မြောက်ဦးမြို့ခံ အမျိုးသားတယောက်က “မြောက်ဦးမှာမှာတော့ ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက ရေပြန်ကျသွားပြီ။ မြို့ပေါ်ရပ်ကွက်တွေရော ကျေးရွာတွေပါ အကုန်လုံးကျသွားတာ။ ရေဘေးသင့် ပြည်သူတွေလည်း သူတို့ရဲ့ နေအိမ်တွေကို ပြန်သွားကြပြီ။ လက်ရှိ လိုအပ်ချက်တွေ အရဆိုရင်တော့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ခြင်ထောင်တွေ လိုအပ်ကြတာ တွေ့ရတယ်။ လယ်ဧက အချို့လည်း ထိခိုက်ပျက်စီးနိုင်ခြေ ရှိတယ်။ လက်ရှိတော့ မြေနိမ့်ပိုင်းက လယ်ဧကတွေကတော့ ရေမြုပ်နေဆဲပဲ” လို့ ပြောပါတယ်။

မြောက်ဦးမြို့နယ်မှာ ဇူလိုင် ၆ ရက်ကနေ ၁၂ ရက်အထိ မြို့ပေါ် ရပ်ကွက် ၁၁ ခုနဲ့ ကျေးရွာပေါင်း ၃၀ ကျော် ရေကြီးမှုဒဏ်ကို ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီး လယ်ဧကအချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းဘက်မှာလည်း ရေပြန်ကျသွားပြီဖြစ်လို့ ရေဘေးသင့် ဒေသခံတွေ အိမ်ပြန်နေကြတယ်လို့ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (PYA) ဒုဥက္ကဋ္ဌကို ကျော်ဝင်းထွန်းက ပြောပါတယ်။

“လက်ရှိမှာတော့ ရေကြီးတာ တော်တော်လေးကို ကျသွားပါပြီ။ ရေကြီးမှုကြောင့် အချို့ လယ်ဧကတွေလည်း ပျက်စီးသွားကြတာ ရှိတယ်။ အချို့ရွာတွေမှာလည်း ရေကန်တွေ လုံးဝ မြုပ်သွားကြတာတွေလည်း ရှိကြတယ်။ အချို့ ချောင်းတွေနဲ့ နီးတဲ့ ရွာတွေမှာဆိုရင် အိမ်တွေလည်း ပျက်စီးသွားတာ ရှိတယ်။ ရေကြီးပြီးနောက် သောက်ရေကန်တွေ နစ်မြုပ်သွားတော့ ဝမ်းရောဂါတွေ ဖြစ်လာနိုင်မယ့် အခြေအနေတွေတော့ရှိတယ်။”

လက်ရှိမှာ ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံးက ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်ရှိ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတွေကို ရေသန့်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဇူလိုင် ၆ ရက်နေ့ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး လူဦးရေ ၁ သိန်းနီးပါးဟာလည်း ရေဘေးသင့်ခဲ့ကြရသလို အချို့မြို့နယ်တွေက ကျေးရွာတွေမှာ ရေအမြင့်ပေ ၈ ပေနီးပါး မြင့်တက်ခဲ့သလို အရပ်သား ၅ ဦးနဲ့အထက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာလည်း တပြည်လုံး အတိုင်းအတာနဲ့ ရေလုံဝကျသွားတာမျိုး မဟုတ်သေးဘဲ ဇူလိုင် ၁၃ ရက် ညနေပိုင်းအထိ ဂွမြို့နယ်က ကျေးရွာအချို့မှာ ရေဆက်ကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရေလွှမ်းမိုးမှု သတိပေးစနစ် (GFAS) ကတော့ ရခိုင်မှာ နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံး ရေကြီးမှုဒဏ် ရင်ဆိုင်နေကြရတာလို့ သတိပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013