DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အလှပြုပြင်ဆေးခန်းဖွင့်သည့် ဆရာဝန်အတု ၂ ဦး ဖမ်းဆီးခံရ
DVB
·
July 8, 2026
Photo: Thai Press
Photo: Thai Press
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမွတ်ပရကန်ခရိုင်ထဲမှာ အလှပြုပြင်ရေး ဆေးခန်းဖွင့်လှစ် ကုသပေးနေတဲ့ ဆရာဝန် အတု ၂ ယောက်ကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အဆိုပါဆေးခန်းတွေမှာ ဆရာဝန်မဟုတ်ဘဲ ဆေးကုသခွင့်လိုင်စင်မရှိဘဲ အသားလှဆေး၊ အသားဖြူဆေးတွေ ထိုးပေးနေကြောင်း တိုင်ကြားချက်ရတာကြောင့် သုံးစွဲသူများကာကွယ်ရေး ဆိုင်ရာ ရဲတပ်ဖွဲ့က လိုအပ်သလို စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး သက်ဆိုင်ရာတရားရုံးရဲ့ ဖမ်းဝရမ်းစာနဲ့ သွားရောက်ဖမ်းဆီးခဲ့တာလို့  ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ပထမ‌နေရာမှာ ဘန်ကောက်မြို့ ဘင်ကွန်နယ်မြေ၊ ခလောင်းကွန်ရပ်ကွက်ရှိ နေအိမ်တလုံးမှာ ဖြစ်တယ်။ အဆိုပါနေရာမှာ အသက် ၃၁ နှစ်အရွယ် နန်းဆောင် ထန်းယားထွဏ်းက ဖောက်သည်တယောက်ရဲ့ မျက်နှာကို Botox အသားလှဆေး ထိုးပေးနေတာ တွေ့ရှိတယ်၊ စစ်ဆေးမေးမြန်းရာမှာ  သူ့မှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူလိုင်စင် မရှိသလို အဆိုပါနေရာမှာလည်း ဆေးကုသခွင့်လိုင်စင်ရော လုပ်ငန်းလိုင်စင်ပါ တစုံတရာ မရှိဘူးလို့ ဆိုပါတယ်။

သူဟာ အတန်းပညာအားဖြင့် သက်မွေးသိပ္ပံကျောင်း ဒီပလိုမာသာ အောင်မြင်တယ်၊ ဒါပေမဲ့ အလှအပပြုပြင်ရေးဆိုင်ရာ ဆေးခန်းမှာ အကူအနေနဲ့ ၆ နှစ်မှ  ၇ နှစ်ထိ လုပ်ကိုင်ခဲ့ပြီး အဲဒီကနေ  ဆေးဝါးအသုံးပြုပုံ၊ ဆေးထိုးနည်းတွေ လေ့လာမှတ်သားခဲ့တယ်။ ဆေးခန်းကနေ အလုပ်ထွက်ပြီး မိမိဘာသာ လုပ်ကိုင်တယ်၊  ဆေးဖိုး ဘတ် ၇၉၀ သာယူပြီး လျှော့ဈေးနဲ့ ဝန်ဆောင်မှုပေးခဲ့တယ်။ ဒီလိုလုပ်လာတာ ၂ နှစ်ကျော်ပြီဖြစ်ပြီး ဖောက်သည် တနေ့ကို ၂ ယောက်မှ ၅ ယောက်ထိရှိကာ လစဉ်ဝင်ငွေ ဘတ် ၁၀၀,၀၀၀ မှ ၁၂၀,၀၀၀ လောက်ရတယ်၊ ဆေးဝါးတွေကိုတော့ အွန်လိုင်းကနေ မှာယူတယ်လို့ ဖွင့်ဟဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေဟာ နောက်နေ့မှာ နောက်ထပ်တနေရာဖြစ်တဲ့ စမွတ်ပရကန်ခရိုင်၊ စမွတ်ပရကန်မြို့၊ ဆမ်ရုန်းနေရပ်ကွက်ရှိ နေအိမ်တလုံးကိုလည်း သွား‌ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီမှာလည်း အသက် ၂၅ နှစ်အရွယ် နဝဖွန်း ဆိုသူ အမျိုးသမီးက ဖောက်သည်ကို Botox အသားလှဆေး ထိုးပေးနေတယ်၊ သူ့မှာလည်း ဆေးကုသခွင့်လိုင်စင် မရှိသလို လုပ်ငန်းလိုင်စင်လည်း မရှိပါဘူး။

သူဟာ ထိုင်းကျောင်း ၆ တန်းထိသာ အောင်မြင်ခဲ့ပြီး အလှအပဆိုင်ရာ ဆေးခန်းမှာ နှစ်အတော်ကြာ ဆေးခန်းအကူ လုပ်ခဲ့တယ်။ အဲဒီကနေ ဆေးဝါးအသုံးပြုပုံနဲ့ ဆေးထိုးနည်းတွေ လေ့လာသိရှိခဲ့ပြီး နောက်မှ ကိုယ်ပိုင်အလုပ် လုပ်ခဲ့တယ်၊ အိမ်မှာ လက်ခံထိုးပေးသလို ဖောက်သည်ဆီ လိုက်ထိုးပေးတဲ့အခါလည်း ရှိတယ်၊ တလ ဝင်ငွေ ဘတ် ၃၀,၀၀၀ လောက် ရတယ်လို့ ထွက်ဆိုသွားပါတယ်။

တာဝန်ရှိသူတွေက အဆိုပါနေရာကနေ တန်ဖိုး ဘတ် ၂၈၀,၀၀၀ ကျော် တန်ဖိုးရှိ ဆေးအမျိုးမျိုးနဲ့ ဆေးထိုးကိရိယာတွေ သိမ်းဆည်းလိုက်ပြီး ဥပ‌ဒအရ အရေးယူသွားမယ်လို့ ပြောပါတယ်။

Source: workpoint news

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013