DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် တောင်သူကိုကူ ပြည်သူကိုလှူ အစီအစဉ်ဖြင့် စိုက်ပျိုးသီးနှံများ အခမဲ့ပေးဝေ
DVB
·
May 28, 2020
ပုသိမ်တွင် တောင်သူကိုကူ ပြည်သူကိုလှူ အစီအစဉ်ဖြင့် စိုက်ပျိုးသီးနှံများ အခမဲ့ပေးဝေ
1 / 5
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ မရှိဆင်းရဲသားရပ်ကွက်တွေမှာ အသီးနှံတွေ လိုက်လံပေးဝေတဲ့ တောင်သူကိုကူ ပြည်သူကိုလှူ အစီစဉ်ကို စတင်ပြုလုပ်နေပါတယ်။

ပင်းတယမြို့က တောင်သူတွေ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့ ကုန်စိမ်းတွေ တရုတ်နိုင်ငံကို တင်ပို့မရတော့လို့ အခက်အခဲဖြစ်နေချိန်မှာ ပင်းတယမြို့ခံ ပရဟိတအဖွဲ့တွေစုပေါင်းပြီး ကုန်တင်ကားတွေနဲ့ ပုသိမ်မြို့ကို အရောက်ပို့ဆောင်ပေးတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က DVB ကိုပြောပါတယ်။

“ပင်းတယမှာရှိတဲ့အသင်းအဖွဲ့တွေက တရုတ်နိုင်ငံကို တင်ပို့လို့မရတော့တဲ့ တောင်သူတွေ ရဲ့ အသီးနှံတွေကို တချို့ဟာတွေကိုဝယ်တယ်၊ တချို့ဟာတွေကို အလှူခံပြီးတော့ ဒီအရောက် ပို့ပေးတာပါ၊ ပို့တဲ့အထဲမှာတော့ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဂျူးမြစ်၊ ပိန္နဲသီးနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးစတဲ့ စိုက်ခင်းထွက်သီးနှံတွေကို ပို့ပေးတာပါ၊ ဒါတွေကိုလည်း ဒီနေ့မှာ ဘုန်းကြီးကျောင်းတွေ၊ ပရဟိတ မိဘမဲ့ကျောင်းတွေ၊ စာသင်တိုက်တွေ၊ မယ်သီလရှင်ကျောင်းတွေနဲ့ ဆင်းရဲချို့တဲ့ တဲ့ပြည်သူတွေကို ပေးဝေသွားမှာပါ။”

ပင်းတယမြို့ကနေ ကုန်စိမ်းသီးနှံတွေလာပို့တဲ့ ကုန်ကားတွေကို ပုသိမ်သူ ပုသိမ်သားတွေရဲ့ မေတ္တာလက်ဆောင်အနေနဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ ငါးခြောက်၊ ငပိ၊ ဆား၊ ဆန် စတဲ့ စားသုံး ကုန်တွေကိုလည်း ပြန်လည်ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဧရာဝတီ) ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က “ဟိုဘက်က တောင်သူတွေလည်း တရုတ်နိုင်ငံကို ရောင်းချလို့ မရချိန်မှာ မြို့ခံပရဟိတ အဖွဲ့တွေက ဆရာဝန်ကြီးနဲ့ တိုင်ပင်ပြီ တောင်သူကိုကူ ပြည်သူကိုလှူ အစီစဉ်လေးကို အကောင်း ထည်ဖော်ဖြစ်တာပါ၊ လာပို့တဲ့ကားနဲ့လည်း တိုင်းရင်းသားပြည်သူတွေအတွက် ဒေသထွက် အစားအသောက်တွေ လက်ဆောင်ပြန်ထည့်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

ပင်းတယမြို့က ပြည်သူတွေအတွက် ဆန်အိတ် ၂၁ အိတ်၊ ငွေ ၅ သိန်း၊ ကြာဆန်အိတ် ၂၀၊ ဆားအိတ် ၈၂ အိတ်ကို ပုသိမ်မြို့ခံပြည်သူတွေ စုပေါင်းပြီး ကုန်စိမ်းလာပို့တဲ့ကားနဲ့ လက်ဆောင်ပြန်ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပင်းတယမြို့က ရောက်ရှိလာတဲ့ ကုန်စိမ်းသီးနှံတွေကို ပုသိမ်ပြည်သူ့ဆေးရုံကြီးက ဝန်ထမ်း ၅၂၀ ဦး၊ စာသင်တိုက် ၂၆ ကျောင်း၊ မိဘမဲ့ကျောင်းများ၊ မယ်သလီရှင်ကျောင်းတွေနဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ရပ်ကွက်တွေမှာ လိုက်လံပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ပင်းတယမြို့က တောင်သူတွေအနေနဲ့ ထွက်ရှိလာတဲ့ သီးနှံတွေကို တရုတ်နိုင်ငံ တင်ပို့မရောင်းချနိုင်လို့ အခက်အခဲဖြစ်နေချိန်မှာ တောင်သူကိုကူ ပြည်သူကိုလှူ ဆိုတဲ့ အစီအစဉ်ကို ဒေါက်တာ သန်းမင်းထွဋ်က ဦးဆောင်ပြီး စတင် အကောင်ထည်ဖော်ခဲ့တာလို့ သိရပါတယ်။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013