Homeမြန်မာသတင်း
အိန္ဒိယတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၀ ဦး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်ပြန်ရောက်
အိန္ဒိယတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၈၀ ဦး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ရန်ကုန်ပြန်ရောက်
DVB
·
May 28, 2020

အိန္ဒိယနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၈၀ ကို တတိယသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားတာကြောင့် အိန္ဒိယ နိုင်ငံ၊ ဂါယာမြို့နဲ့ အနီးအနားဒေသတွေမှာ ရောက်ရှိနေပြီး အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာအမျိုးသား ၈၀ ဦးကို လေကြောင်းလိုင်း (Myanmar National Airlines-MNA) ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညက ရန်ကုန်လေဆိပ်ကိုရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ရေးပြီး (၂၁) ရက်တာ အသွားအလာကန့်သတ် စောင့်ကြပ် quarantine ထားရှိမှာ ဖြစ်ပါတယ်။
မေလ ၁၉ ရက်နေ့ကလည်း ပထမအသုတ်အဖြစ် နယူးဒေလီမြို့နဲ့ အနီးဝန်းကျင်ဒေသတွေက မြန်မာနိုင်ငံသား ၉၅ ဦးကို အစိုးရအစီစဉ်နဲ့ ပြန်ခေါ်ခဲ့သလို မေလ ၂၄ ရက်နေ့ကလည်း ဒုတိယအသုတ်အဖြစ် ချန်နိုင်းမြို့နဲ့ အနီးဝန်းကျင်က မြန်မာနိုင်ငံသား ၁၂၃ ဦးကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။
အခုတတိယအသုတ် အပါအဝင် အိန္ဒိယနိုင်ငံမှ အစိုးရစီစဉ်တဲ့ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့သူ စုစုပေါင်း ၂၉၈ ဦးရှိသွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကတော့ အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ စာသင်သား သံဃာ ၊ သီလရှင် စုစုပေါင်း ၂၀၀ ကျော် နဲ့ လူပုဂ္ဂိုလ် ၄၀ ကျော်ကို သီတဂူဆရာတော်ရဲ့ အစီအစဉ်နဲ့ စီးလုံးငှားလေယာဉ်နှစ်စီးနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အစိုးရကစီစဉ်ပေးတဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်ရောက်လာတာ မေလ အတွင်း ၂၅၀၀ ဝန်းကျင်ရှိနေပြီး ပြန်လာသူတွေအထဲမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေလည်း စစ်ဆေး တွေ့ရှိထားပါတယ်။