DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင် ကျေးရွာ ၁၅ ရွာခန့် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
May 28, 2020
ဝက်လက်မြို့နယ်တွင် ကျေးရွာ ၁၅ ရွာခန့် သောက်သုံးရေ အခက်အခဲဖြစ်နေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၁၅ ရွာလောက် သောက်သုံးရေ အခက်အခဲနဲ့ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

အရှေ့ရွှေကျင်၊ အောင်သပြေသာ၊ စမွန်း၊ မြင်တော် အစရှိတဲ့ ကျေးရွာတွေဟာ ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ ခရိုင်ချင်းဆက်လမ်းရဲ့အနောက်ဘက်ကြားမှာ ‌တည်ရှိကြပြီး အချို့ကျေးရွာတွေကို အစိုးရက စက်ရေတွင်းတွေ တူးဖော်ပေးပြီးသားဖြစ်သလို အချို့ကျေးရွာတွေကတော့ တွင်းတိမ်လက်တူးရေတွင်းတွေ ရှိကြပေမဲ့ ရေခန်းခြောက်တာနဲ့ စက်တွင်းရေငန်နေတာတွေကြောင့် သောက်ရေအတွက် အခက်အခဲ ဖြစ်နေကြတာပါ။

မြင်တော်ကျေးရွာမှာ တရွာတည်း စက်ရေတွင်းနှစ်တွင်း တူးပေးထားပေမဲ့ ရေငန်ပဲထွက်လို့ သောက်ရေအတွက် ရေချိုလိုအပ်‌နေတယ်လို့ ကျေးရွာနေ ဦးချစ်ဌေးက ပြောပါတယ်။

“တူးခဲ့တာ ပေ ၃၇၅ ပေ၊ ရေငန်ပဲထွက်တာပေါ့လေ။ နောက်ယူနီဆက်က တူးပေးတယ်၊ ပေ ၅၈၀ တူးလည်း ရေငန်ပဲ ထွက်တယ်။ အဲဒီတော့ ကျနော်တို့က ကျေးရွာရဲ့သောက်သုံးရေဟာ ရေချိုပဲ အရေးကြီးနေတာပေါ့ အခုချိန်မှာ” လို့ ပြောပါတယ်။

လက်တူးရေတွင်းတွေ နဲ့ မိုးရေ‌လှောင်ကန်တွေကို အားကိုးနေရတဲ့ ရွာတွေမှာတော့ ရေတွင်းတွေ ခန်းခြောက်ကုန်ပြီး မြစ်ရေ ၁ ပုံးကို ၂၀၀ ပေးဝယ်သောက်နေကြရတယ်လို့ အောင်သပြေသာရွာနေ မခင်မိုးမြင့်က ပြောပါတယ်။

“ကျမတို့ဆီမှာ ရေရှားပါတယ်၊ ဝယ်လည်း သောက်နေရပါတယ်။ ဝယ်သောက်တော့လည်း အဆင်မပြေဘူး၊ ဝယ်သောက်တဲ့ လူနဲ့ ရောင်းတဲ့သူနဲ့ မမျှပါဘူး” လို့  ပြောပါတယ်။

လက်တူးရေတွင်းရှိတဲ့ ရွာတွေမှာလည်း ရေခန်းခြောက်နေတာကြောင့် ရေလုခပ်နေကြရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“သောက်ရေပြတ်တာတော့ကြာပါပြီ၊ လုခပ်နေရတာ ညတိုင်း။ ထမင်းကိုတော့ တွေ့တဲ့ရေနဲ့ ချက်လိုက်ရုံပဲ။”

ကိုဗစ်ကာလမှာ စီးပွားရေးအကျပ်အတည်းနဲ့ သွားလာရေးခက်ခဲတဲ့ ကျေးရွာတွေအတွက် အဖွဲ့အစည်းအချို့နဲ့ တသီးပုဂ္ဂလကုသိုလ်ရှင်တွေက သောက်သုံးရေလှူဒါန်းပေးနေကြတာလည်း ရှိပါတယ်။

ဝက်လက်မြို့နယ် USDP ဥက္ကဋ္ဌ ဦးစိုးခိုင်က “ကမ္ဘာကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးနဲ့သွားလာ‌ရေးအခြေအနေအရ အခက်အခဲဖြစ်ကြတယ်။ မိုးကလည်းခေါင်၊ မြစ်ရေသယ်ဖို့လည်း အဆင်မပြေဖြစ်နေကြတဲ့အချိန်မှာ ကျနော်တို့ပရဟိတအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကူညီနေကြတယ်” လို့ ပြောပါတယ်။

၀က်လက်မြို့နယ်အတွင်းက သောက်ရေရှားပါးတဲ့ ကျေးရွာပေါင်း ၂၄ ရွာကျော် သောက်ရေလှူဒါန်းကူညီပေးနေပြီး တကယ့်ကို ရေရှားပါးပြီး အကူအညီလိုအပ်နေတဲ့ ရွာကတော့ ၁၅ ရွာခန့်ရှိတယ်လို့ ရေလှူတဲ့အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ကျေးလက်ဦးစီးဌာနအနေနဲ့ တချမ်းသာကျေးရွာတရွာသာ သောက်ရေလှူထားတာတွေ့ရပြီး အခုလို ကျေးရွာတွေ သောက်သုံးရေအခက်အခဲ ဖြစ်နေတဲ့အပေါ် ဒီဗွီဘီက တွေ့ဆုံမေးမြန်းဖို့ ကြိုးစားပေမဲ့ မရပါဘူး။

အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013