
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၁ နှစ်ပြည့် မွေးနေ့အကြို Proof of Life ကမ်ပိန်း ဆန္ဒပြပွဲကို တောင်ကိုရီးယာနိုင်ငံ ဆိုးလ်မြို့လယ် မြောင်ဒုံမှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပြည်သူတရပ်လုံးနဲ့အတူ ထပ်တူထပ်မျှ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ကြပါတယ်။
တော်လှန်ပြည်သူ ၂၀၀ ခန့် ပါဝင်တဲ့ Proof of Life ကမ်ပိန်း ဆန္ဒပြပွဲကို ကိုရီးယားအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းစီစဉ်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတကာစည်းရုံးရေးကော်မတီ ကိုရီးယားဌာနခွဲ ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်၊ MFDMC အတွင်းရေးမှူး ကိုလင်းအိမ်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုတာ၊ တော်လှန်ရေးအားပေးစကားတွေနဲ့ Proof of Life ကင်ပိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြပွဲမတိုင်မီမှာလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထုတ်ဖော်တောင်းဆိုဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာအား ကိုရီးယားအစိုးရနဲ့ လွှတ်တော်တို့ကို ပေးပို့ခဲ့ကြပါတယ်။
အဆိုပါစာမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိ၊ မရှိ ခိုင်လုံပြီး ယုံကြည်စိတ်ချရတဲ့ အတည်ပြုချက်နဲ့ သက်သေအထောက်အထားအား မြန်မာစစ်အာဏာရှင်က နိုင်ငံတကာကို အမြန်ဆုံး ချပြလာစေဖို့ လူသားချင်းစာနာမှု ရှုထောင့်မှနေပြီး ဝိုင်းဝန်းဖိအားပေး ကူညီတိုက်တွန်းပေးဖို့။ သားဖြစ်သူ ကင်မ်အဲရစ်နဲ့ မိသားစုဝင်တွေ၊ ပြင်ပကမ္ဘာနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် ရရှိစေရေးနဲ့ ရရှိသင့်တဲ့ အခြေခံ ဆေးဝါးကုသခွင့်၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိစေရေး ကူညီပြောဆိုပေးဖို့၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ အတူ ဆက်လက်ဖိအားပေး ပြောဆိုပေးဖို့ စတဲ့ အချက်တွေ တောင်းဆိုထားပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တို့ရဲ့ မတရားဖိနှိပ်မှု၊ အကြမ်းဖက်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းမျိုးစုံကို ခါးစည်းခံနေရပေမဲ့ ဒူးထောက်အရှုံးမပေးဘဲ တော်လှန်ရေးအရှိန်အဟုန်ကို တစိုက်မတ်မတ် ဆက်လက် သယ်ဆောင်နေကြဆဲဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပြည်သူတွေရဲ့ ရဲရဲတောက်စိတ်ဓာတ်ဟာ လျော့ပါးသွားခြင်းမရှိကြောင်းလည်း ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) တို့ရဲ့ စည်းလုံးညီညွတ်စွာ ဦးဆောင်မှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးကြိုဆိုပြီး ဆက်လက်ပူးပေါင်းဆောင်သွားမယ်လို့ ဆိုပါတယ်။










