DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် Mask ဒဏ်ကြေးများကို ခရိုင်အုပ်ချုပ်ရေးမှူးများ လိုအပ်သလိုအသုံးပြုရန်  ညွှန်ကြားထား
DVB
·
May 27, 2020
ဧရာဝတီတိုင်းတွင် Mask ဒဏ်ကြေးများကို ခရိုင်အုပ်ချုပ်ရေးမှူးများ လိုအပ်သလိုအသုံးပြုရန်  ညွှန်ကြားထား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးမှာ Mask မတပ်သူတွေထံက ဒဏ်ကြေးကောက်ခံရရှိခဲ့တဲ့ ငွေတွေကိုတော့ ခရိုင်အုပ်ချုပ်ရေးမှူးတွေ လိုအပ်သလိုဆောင်ရွက်သွားဖို့ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။

ဧရာဝတီတိုင်းမှာ နေအိမ်ပြင်ပထွက်သူတွေအနေနဲ့ Mask မတပ်ဘဲသွားလာမိရင် ၁ ဦးကို Mask ၃ ခုပေးကာ ငွေကျပ်  ၃၀၀၀ နဲ့ အခုဝယ် အခုတပ်စနစ်ကို မေလ ၂၁ ရက်နေ့က စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ။

ခရိုင်အုပ်ချုပ်ရေးမှူးတွေက သက်ဆိုင်ရာခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီတွေမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေလို့ အစည်းအဝေးတွေမှာ အရေးယူဆောင် ရွက်ထားတဲ့ ဒဏ်ကြေးတွေကို ကိုယ့်အစီစဉ်နဲ့ကိုဆောင်ရွက်ဖို့ မှာကြားထားတယ်လို့ တိုင်း အစိုးရအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက  ပြောပါတယ်။

“အစည်းဝေးတွေမှာ မှာထားပါတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေက သူတို့အစီစဉ်နဲ့ သူတို့ ဆောင်ရွက်မယ်၊ အဓိကတော့ Mask ချုပ်ပြီး ပေးတာတွေ လုပ်သွားဖို့များပါတယ်၊ ဘယ်လို တွေလုပ်မယ်ဆိုတဲ့ အစီအစဉ်ကိုလည်း ကျနော်တို့ အမြဲတမ်းပြန်တင်ပြခိုင်းထားပါတယ်” လို့ ပြောပါတယ်။

နေအိမ်ပြင်ပသွားလာသူတွေကို Mask မတပ်လို့ အရေးယူထားတဲ့စာရင်းဇယားတွေကို နေ့စဉ် တိုင်းအစိုးရအဖွဲ့ကို မြို့နယ်အလိုက်တင်ပြတာတွေရှိပြီး နောက်ပိုင်းမှာ စာရင်းအတိအကျကို သတင်းထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

Mask မတပ်သူတွေကို စတင်အရေးယူဆောင်ရွက်တဲ့နေမှာ မသိတဲ့သူတွေကိုတော့ အသိ ပညာပေးလုပ်ငန်းဆောင်ရွက်ပြီးပြန်လွှတ်ပေးကာ သိသိနဲ့ Mask မတပ်လာသူတွေကိုတော့ ၃ ခုကို ကျပ် ၃၀၀၀ နှုန်းနဲ့ ရောင်းချပေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ပုသိမ်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ သတင်းအချက်အလက်များ ချိတ်ဆက်ဖြန့်ဝေရေးနှင့် ကူညီရေးအဖွဲ့က အဖွဲ့ဝင် ဦးကိုကိုမင်းက ပြောပါတယ်။

“တော်တော်များများက စည်းကမ်းလိုက်နာပါတယ်။ တချို့တွေကတော့ ရွာဘက်ကလာတဲ့ သူတွေကမသိတော့ Mask တပ်ပေးပြီး ပြန်လွှတ်ပေးရတယ်၊ တချို့ကတော့ သိသိနဲ့ Mask မတပ်လို့ ဒဏ်ငွေတပ်ပြီး Mask ပြန်ပေးတာမျိုးလုပ်ပါတယ်၊ မသိလို့တပ်မလာတာကတော့ အခြေခံလူတန်းစား လက်လုပ်လက်စားများပါတယ်၊ တချို့တွေကတော့ မိုးရွာလို့ မတပ်လာ တာမျိုးတွေလည်းရှိတယ်၊ အပြင်ထွက်ရင် မိုးရွာနေပူပူ Mask တပ်ထားတာ ပိုပြီးတော့ အန္တရာယ်ကင်းပါတယ်။”

ဧရာဝတီတိုင်းမှာMask တပ်သွားလာဖို့ အသိပညာပေးလုပ်ငန်းတွေကို မေ ၁၆ ရက်မှ ၂၀ ရက်အထိ အသိပညာပေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး မေ ၂၁ ရက်က စတင်ကာ ဒဏ်တပ်တဲ့လုပ်ငန်းတွေကို စတင်လုပ်ဆောင်လာခဲ့တာပါ။

Mask မတပ်သူတွေကို ဒဏ်တပ်နေမယ့်အစား  အစိုးရအနေနဲ့ ပြည်သူတွေကို အခမဲ့ဖြစ်စေ၊ တန်ဖိုးသင့်စျေးနှုန်းနဲ့ဖြစ်စေ အရင်ဖြန့်ဝေပေးသင့်ပြီး တကယ်လို့ မပါလာသူတွေကိုသာ ခုလိုဒဏ်တပ်အရေးယူတာမျိုးတွေပြုလုပ်သင့်တယ်လို့  ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013