
အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေက မပြောင်းလဲသေးတာမို့ သူတို့ရဲ့ နျူကလီးယား အင်အားကို ဆက်ပြီး တိုးမြှင့်သွားမယ်လို့ မြောက်ကိုရီးယားက ဩဂုတ် ၃၁ ရက်မှာ ပြောကြားလိုက်ပြီး နျူကလီးယား ဖျက်သိမ်းရေးအတွက် အမေရိကန်ရဲ့ အကြိမ်ကြိမ် ထပ်လောင်း တောင်းဆိုမှုတွေကို ပယ်ချလိုက်ပါတယ်။
နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့တဲ့ ထုတ်ပြန်ချက်မှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နျူကလီးယားလက်နက်တွေဟာ "အချုပ်အခြာအာဏာ ကာကွယ်ဖို့ အာမခံချက်"ပဲ ဖြစ်ပြီး အမေရိကန်ရဲ့ တောင်းဆိုမှုတွေကြောင့် နျူကလီးယား ပိုင်ဆိုင် ထားတဲ့ အခြေအနေက အားလျော့နည်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒေသတွင်းတင်းမာမှုတွေ လျော့ကျသွားမယ်လို့ မျှော်လင့်နေတာကလည်း အဓိပ္ပာယ် မရှိဘူးလို့ လည်း မြောက်ကိုရီးယား အရာရှိက ပြောကြားလိုက်ပြီး အလားတူပဲ အမေရိကန်အပေါ် ထားရှိတဲ့ မြောက်ကိုရီးယားရဲ့ မူဝါဒမှာလည်း ဘာမှပြောင်းလဲစရာမရှိဘူးလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် ပြုလုပ်နေကျ အူလ်ချီ ဖရီးဒမ်း ရှီးလ်ဒ် (Ulchi Freedom Shield) စစ်ရေးလေ့ကျင့်မှုကို ပမာဏ အတော်များများ လျှော့ချဖို့ ဒီလထဲမှာ အမိန့်ပေးခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။
သီးခြာစီအနေနဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ စက်တင်ဘာ ၇ ရက်ကနေ ၁၁ ရက် အထိ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို တားဆီးဖို့ ပူးပေါင်းဆောင်ရွက်မှု တိုးတက် စေဖို့ ရည်ရွယ်တဲ့ ဖရီးဒမ်း အက်ဂျ် (Freedom Edge) စစ်ရေးလေ့ကျင့်မှုကို ကျင်းပဖို့ စီစဉ် ထားတယ်လို့ ဆိုးလ်စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားက သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုကို ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှု တခုအဖြစ် အကြိမ်ကြိမ် ရှုတ်ချခဲ့ပါတယ်။
Source: Reuters











