ပဲခူးတိုင်းအတွင်း ထိုင်းနိုင်ငံက ပြန်ဝင်လာသူ ၁၅၀ ခန့်၏ ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေး
DVB
·
May 25, 2020

ထိုင်းနိုင်ငံကနေ ပဲခူးတိုင်းအတွင်းကို မေလ ၂၄ ရက် ညက ပြန်ဝင်လာတဲ့သူ ၁၅၀ ဝန်းကျင်ရှိပြီး အားလုံးရဲ့ လည်ချောင်း၊ အာခေါင်၊ နှာခေါင်တို့ဖတ်တွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးသွားမယ်လို့ ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးမှူးက ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။
ထိုင်းနိုင်ငံကနေ ပဲခူးတိုင်းအတွင်း ပြန်လာသူ ၁၄၉ ယောက် မြဝတီမြို့ကနေတဆင့် မေ ၂၄ ရက် ညက Express ကား ၄ စီးနဲ့ ပဲခူးမြို့ကို ရောက်ရှိလာပါတယ်။
ထိုင်းနိုင်ငံက ပြန်လာသူတွေကို လတ်တလော ပဲခူးမြို့ အသောကဘုန်းကြီးကျောင်းမှာ ထားရှိပြီး ကျန်းမာရေးစစ်ဆေးတာတွေလုပ်ဆောင်နေပြီး နောက်ရက်တွေမှာ တို့ဖတ် နမူနာတွေ ရယူပြီး ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင်စစ်ဆေးဖို့တွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။
ပဲခူးတိုင်းအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတဦးက “အခုရက်ပိုင်း ပဲခူးတိုင်းအတွင်းကို ပြည်ပက ပြန်လာသူတွေ အများအပြားရှိနေပြီး အခုလို ကားနဲ့ပြန်လာသူတွေ ရှိသလို မီးရထားနဲ့ ပြန်လာသူတွေလည်း ရှိပါတယ်။ အဲဒီသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ကျန်းမာရေးဌာနတွေ စေတနာဝန်ထမ်းတွေကနေ ကြိုဆိုပြီး သက်ဆိုင်ရာမြို့နယ်တွေက Quarantine တွေကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ အခုလည်း မေ ၂၄ ရက်နေ့ညက ထိုင်းနိုင်ငံက ပြန်ဝင်လာသူတွေကို ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ကျန်းမာရေးကောင်းတယ်ဆိုရင် သက်ဆိုင်ရာမြို့နယ်တွေက Quarantine တွေကို ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
အသောကဘုန်းကြီးကျောင်းက Quarantine မှာဆိုရင် မလေးရှားပြန် ၂၆ ယောက်၊ တရုတ်ပြည် ဝူဟန်က ပြန်လာသူ ၈ ယောက် အပါအဝင် အရင် ရောက်ရှိနေသူ ၆၂ ဦးရှိနေတဲ့အပြင် ပြီးခဲ့တဲ့ညက ၁၄၉ ယောက် ထပ်မံရောက်ရှိလာတာပါ။
နောက်ထပ်လည်း နေရပ်ပြန်မယ့်သူတွေ ထပ်မံရောက်ရှိလာဖို့ ရှိသေးတယ်လို့ သိရပါတယ်။
အောင်စိုးမိုး