
ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ကနေ ငွေကျပ်သန်းပေါင်း ၆၅,၀၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်သူတွေကို ဖမ်းမိပြီး သယ်ဆောင်ခိုင်းသူတွေကိုတော့ မမိဘူးလို့ စစ်အာဏာရှင်ရဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့ (CCDAC) က ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ဟာ ဇွန် ၉ ရက် မွန်းလွဲ ၃ နာရီခွဲက ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာနားမှာ ယာဉ်မောင်း စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် FAN အမျိုးအစား ၂၂ ဘီးကားကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာမှာ ကားပေါ်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ဒေသတန်ဖိုးငွေကျပ်သန်းပေါင်း ၆၂,၀၇၅ ရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၅၁ တန်၊ စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စိတ်ပြောင်းဆေးဝါးတွေကို တောင်ငူမြို့၊ ထီးလှိုင်(၁)ရပ်ကွက်နေ အောင်ဇေယျဖြိုး(ခ)ကျော်သူရ(ခ)သူရ(ခ)ကြက်ခေါင်း က ပျဉ်းမနားမြို့နယ်ကနေ ဘားအံကို သယ်ဆောင်ခိုင်းတာဖြစ်ပြီး သူ့ကိုတော့ ဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။
ဇွန် ၇ ရက်နေ့မှာပဲ ပူးပေါင်းအဖွဲ့ဟာ ကလေးဝမြို့၊ ချင်းတွင်းတံတားမှာ ဂိုးရှင်းမန်(ခ)ရှင်းမန် မောင်းနှင်လာတဲ့ Prado ကားပေါ်ကနေ ဘိန်းဖြူ ၅ ဒသမ ၅ ကီလို၊ ဂင့်ကပ်ခိုင်(ခ)ခိုင်ခိုင် မောင်းနှင်လာတဲ့ Prado ကားပေါ်ကနေ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို၊ မုန်ဂင့်ဆန်(ခ)ဆန်းသယ် မောင်းနှင်လာတဲ့ Prado ကားပေါ်ကနေ စိတ်ကြွဆေးပြား ၁၀ ဒသမ ၅ သိန်းနဲ့ ပစ္စတိုသေနတ် ၂ လက်၊ ကျည်အတောင့် ၂၀၀ တို့ကို ဖမ်းဆီးရမိခဲ့လို့ စုစုပေါင်း ဒေသတန်ဖိုးငွေကျပ်သန်း ၃,၀၂၁ ဖြစ်တယ်လို့ ဆိုပါတယ်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေကို မန္တလေးကနေ တီးတိန်ကို အဓိက သယ်ဆောင်ခိုင်းသူဟာ တီးတိန်မြို့နေ ထွန်းဂင့်မုန်(ခ) ပါးမုန် ဖြစ်ပြီး သူနဲ့ ထန်ဆောမ်းဟောက်(ခ)ဆောမ်းဟောက် တို့ကို ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။










