DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းမှ အခွန်ပေးနိုင်သည့် ဘဏ်ထပ်တိုး၊ နောက်ပိုင်းတွင် အွန်လိုင်းမှသာ လက်ခံမည်
DVB
·
May 24, 2020
အွန်လိုင်းမှ အခွန်ပေးနိုင်သည့် ဘဏ်ထပ်တိုး၊ နောက်ပိုင်းတွင် အွန်လိုင်းမှသာ လက်ခံမည်
Donate to DVB

အခွန်တွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ အွန်လိုင်းစနစ်တွေကနေ ပေးချေနိုင်ဖို့ ဘဏ်တခု ထပ်တိုးလာပြီး နောက်ထပ်ဘဏ်တွေ ထပ်တိုးလာပြီးရင် အွန်လိုင်းကပဲ လက်ခံတော့မယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနကို ပေးဆောင်ရတဲ့ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်တွေနဲ့ တံဆိပ်ခေါင်းခွန်တွေကို MPU ကတ်နဲ့ CB Pay & Internet Banking အွန်လိုင်းငွေချေစနစ်ကနေ ပေးနိုင်ရာကနေ မနက်ဖြန်ကစပြီး ဧရာဝတီဘဏ်ရဲ့ Internet Banking နဲ့ AYA Pay ကနေလည်း ပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။

MPU ကတ်နဲ့ ပေးချေမယ်ဆိုရင်တော့ ပြည်တွင်းအခွန်များဦးစီဌာနရဲ့ ဝက်ဘ်ဆိုဒ် www.ird.gov.mm ရဲ့ Start Your Tax Online Payment ကနေ ပေးချေရတာဖြစ်ပါတယ်။

ဘဏ်တွေရဲ့ အွန်လိုင်းငွေချေစနစ်မှာတော့ အက်ပလီကေးရှင်းမှာပါတဲ့ သက်ဆိုင်ရာ အခွန်ကို ရွေးချယ်ပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကို ထည့်သွင်းလို့ ငွေချေနိုင်တာ ဖြစ်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အခုတော့ တခြားဘဏ်တွေလည်း လုပ်နေကြပါပြီ။ နောက်တလလောက်ဆိုရင်တော့ ဘဏ် ၂ ခု၊ ၃ ခုလောက် တိုးလာနိုင်ပါတယ်။ တကယ်လို့ ဘဏ်တွေများလာတဲ့အချိန်ကျရင်တော့ အချိန်ကာလတခု သတ်မှတ်ပြီး အခွန်တွေကို အွန်လိုင်းကပဲ လက်ခံတော့မယ့်အကြောင်း ကြေညာပါမယ်” လို့ ပြောပါတယ်။

ဒီလိုအခွန်ဆောင်သူတွေအတွက် မေ ၂၅ ရက်ကနေ ဇွန်လကုန်အထိ ဝန်ဆောင်ခလုံးဝ မကောက်ဘူးလို့လည်း ဧရာဝတီဘဏ်က ကြေညာထားပါတယ်။

အွန်လိုင်းဘဏ်စနစ်ကနေ ငွေချေရင် အဲဒီဘဏ်တွေမှာ ဖွင့်ထားတဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ငွေစာရင်း၊ အဲဒီကတဆင့် ဗဟိုဘဏ်၊ အဲဒီကတဆင့် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲတွေမှာရှိတဲ့ သက်ဆိုင်ရာ အခွန်ရုံးတွေရဲ့ ငွေစာရင်းထဲကို အချိန်နဲ့ တပြေးညီ စာရင်းတွေရောက်သွားမှာ ဖြစ်ပါတယ်။ 

ဒီလို အခွန်ပေးသွင်းရာမှာ ပေးသွင်းမှုအထောက်အထားတွေအဖြစ် ဧရာဝတီဘဏ်လီမိတက် (AYA Bank) အနေနဲ့ အခွန်ထမ်းကို ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦး ထုတ်ပေးမှာဖြစ်ပြီး ပြည်တွင်းအခွန်းများဦးစီးဌာနဆီကို လွှဲပြောင်းရရှိပြီးရင်တော့ အထောက်အထားတွေကို အီးမေးလ်ကတဆင့် ပေးပို့မယ်လို့ ကြေညာထားပါတယ်။

အခွန်ထမ်းသူတွေအနေနဲ့လည်း ဘဏ်တွေကို သွားရောက်ပြီး ငွေသား၊ ချက်လက်မှတ်တွေနဲ့ ပေးချေနေမယ့်အစား အီလက်ထရောနစ်စနစ်ကို သုံးပြီး ပေးချေကြဖို့လည်း ပြည်တွင်းအခွန်များဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး အသေးစိတ် သိချင်ရင်တော့ ပြည်တွင်းအခွန်များဦးစီဌာနရဲ့ဝက်ဘ်ဆိုဒ် www.ird.gov.mm မှာ ဝင်ကြည့်နိုင်သလို သက်ဆိုင်ရာအခွန်ရုံးတွေ၊ သတင်းအချက်အလက်နဲ့ နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနဲ့ မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်-၀၁-၈၃၇၉၀၂၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013