
အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံကုန်သွယ်ရေးဆွေးနွေးပွဲ ဩဂုတ် ၂၂ ရက် ညနှောင်းပိုင်းမှာ ပျက်သွားပြီးနောက် အမေရိကန်ရဲ့ တင်သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောကြားလိုက်ပါတယ်။
မနေ့ညသန်းခေါင်ယံအချိန် စတင်သက်ရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ကနေဒါအပေါ် ၅၀ ရာခိုင်နှုန်း အခွန်သစ်ကောက်ခံမှုလက်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါနိုင်ငံကလည်း စက်တင်ဘာ ၈ ရက်ကစလို့ ကဏ္ဍအသီးသီးမှ အမေရိကန် တင်သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ခံသွားမယ်လို့ ဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောလိုက်တာပါ။
ရေရှည်ကုန်သွယ်ဖက် အိမ်နီးချင်းမဟာမိတ် ၂ နှစ်နိုင်ငံအကြား ရက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ကုန်သွယ်ရေးသဘောတူညီ ချက်မရရှိဘဲ ပျက်ပြားသွားခဲ့လို့ ထိလွယ်ရှလွယ်ရှိနှင့်ပြီးသား ဆက်ဆံရေးကို ပိုမိုဆိုးရွားစေခဲ့တာ ဖြစ်ပါတယ်။
ကနေဒါအပေါ် ထရမ့်ပ်ရဲ့ အခွန်သစ်တွေကြောင့် ဝိုင်၊ ပရိဘောဂ၊ နို့ထွက်ပစ္စည်း၊ အဝတ်အထည်၊ ငါးမျှားတံ၊ ဟော်ကီကစားသမားသုံးပစ္စည်းတွေ အပါအဝင် ကဏ္ဍအများအပြားကို ထိခိုက်စေခဲ့ပြီး ကနေဒါရဲ့ ပို့ကုန် ဒေါ်လာ ဘီလီယံ ၂၀ လောက်အပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ကာနေးက “ကနေဒါနိုင်ငံရဲ့ လုပ်သားတွေ၊ တောင်သူလယ်သမားတွေ၊ မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့အတွက် ကနေဒါနိုင်ငံအနေနဲ့ ဝါရှင်တန်ရဲ့ အခွန်သစ်တွေအတိုင်း တဒေါ်လာချင်းစီအလိုက် ပမာဏတူညီစွာ လက်တုံ့ပြန် အခွန် အကောက်သွားမယ်”လို့ ဆွေးနွေးပွဲပျက်သွားပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အမေရိကန်ကို လက်တုံ့ပြန် အခွန်ကောက်ခံမှုကြောင့် သံမဏိ၊ နို့ထွက်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စိုက်ပျိုးရေးသုံး ကိရိယာတွေ၊ စက္ကူနဲ့ သစ်သားပျော့ဖတ်နဲ့ လျှပ်စစ်ပစ္စည်း စတဲ့ ကဏ္ဍတွေကို ထိခိုက်စေမှာဖြစ်ပါတယ်။
ကနေဒါထုတ်ကုန်အများအပြားအပေါ် အမေရိကန်ရဲ့ အခွန်အသစ်တွေ အကြီးအကျယ် စည်းကြပ်မှုဟာ မှားယွင်းတွက်ချက်မှု ဖြစ်တယ်၊ ဆွေးနွေးပွဲ ပျက်ပြားသွားရတာဟာ ထရမ့်ပ်အစိုးရ အဖွဲ့ရဲ့ မတရားတဲ့ တောင်းဆိုချက်တွေကြောင့်ဖြစ်တယ်လို့လည်း ကနေဒါဝန်ကြီးချုပ်က ပြစ်တင်ဝေဖန်ပါတယ်။
ဝန်ကြီးချုပ် ကာနေးက "အတိုချုပ်ပြောရရင် သူတို့ဟာ အများကြီးတောင်းဆိုပြီး အနည်းငယ်ပဲ ပြန်ပေးခဲ့တာဖြစ်ပါတယ်"လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နဲ့ ကနေဒါကုန်သွယ်ရေးညှိနှိုင်းရေးမှူးတွေဟာ သီတင်း ၂ ပတ်နီးပါး ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး သမ္မတဒေါ်နယ်ထရမ့်ကလည်း အခွန်တွေကို ၃ ရက်ကြာ ဆိုင်းငံ့ထားပြီး နှစ်ဘက်စလုံး "သဘောတူညီမှု ရရှိသွားပြီ”လို့ အင်္ဂါနေ့က လူမှုကွန်ရက်မှာရေးသားခဲ့ပေမဲ့ အဆုံးသတ်မှာတော့ သဘောတူညီချက်မရဘဲ အခြေအနေနဲ့ သိသိသာသာ တင်းမာ ပြောင်းလဲသွားခဲ့တာပါ။
ဝန်ကြီးချုပ်ကာနေးက "အမေရိကန်နိုင်ငံ ပြောင်းလဲသွားပြီဆိုတာကို ကျနော်တို့ အစကတည်းက အသိအမှတ်ပြုထားပြီး ကျနော်တို့ရဲ့ ပုံမှန်ဆက်ဆံရေးဟောင်းဆီ ပြန်သွားမှာ မဟုတ်ပါဘူး။ ကနေဒါမှာ ကမ္ဘာက လိုချင်တဲ့အရာတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ အနာဂတ်ကို တခြားဘယ်နိုင်ငံကိုမှ ဆုံးဖြတ်ခွင့်ပေးမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေးမီဆန် ဂရီးယားကတော့ ကနေဒါဟာ အခုသီတင်းပတ်စောစောက သဘောတူညီခဲ့တဲ့ စည်းကမ်းချက်တွေအတိုင်း ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ဖို့ ငြင်းဆန်ခဲ့တာလို့ ထုတ်ပြန်ပြောပါတယ်။
"ကျနော်တို့က စေတနာအပြည့်နဲ့ ကျနော်တို့ရဲ့ ဈေးကွက်သို့ လာရောက်တဲ့ ဘယ်လို ပို့ကုန်တင်ပို့တဲ့ နိုင်ငံထက်မဆို အကောင်းဆုံး ဆက်ဆံမှုပေးမယ်လို့ အမေရိကန်က ကမ်းလှမ်းခဲ့ပေမဲ့ ကနေဒါဘက်က တောင်းဆိုချက်အသစ်တွေနဲ့ တခြားကတိကဝတ်တွေကို ရုပ်သိမ်းလိုက်တာဟာ လွန်ခဲ့တဲ့ရက်တွေက ရရှိထားတဲ့ ဂရုတစိုက် ညှိနှိုင်းထားတဲ့ မျှခြေကို ပျက်ပြားသွားစေခဲ့တယ်"လို့ ပြောပါတယ်။
ကနေဒါနဲ့ ဆွေးနွေးပွဲအသစ်တွေ စီစဉ်ထားတာမရှိကြောင်းနဲ့ ကနေဒါရဲ့ လက်တုံ့ပြန်မှုတွေကိုလည်း အမေရိကန်က ပြန်လည်တုံ့ပြန်သွားမယ်လို့ ဂရီးယားက Fox News နဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောပါတယ်။
အမေရိကန်ကုန်သည်ကြီးများအသင်းကတော့ မြင့်မားတဲ့ အခွန်တွေဟာ စီးပွားရေးနှစ်ခုလုံးကို ပျက်စီးစေမှာဖြစ်ပြီး အမေရိကန်မိသားစုတွေအတွက် ကုန်ကျစရိတ်တွေကို မြင့်တက်စေကာ အရေးပါတဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုအနှောင့်အယှက်ဖြစ်စေမယ်၊ မြောက်အမေရိက ကုန်သွယ်ရေးစာချုပ်ပေါ်မှာ မှီခိုနေတဲ့ အမေရိကန် အလုပ်အကိုင် ၁၃ သန်းကို အန္တရာယ်ဖြစ်စေမယ်လို့ အခုသီတင်းပတ်အတွင်း ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။
Source: Reuters/ NBC











