DVB Logo
Home
ကျန်းမာရေး
COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ
DVB
·
May 24, 2020
COVID-19 နဲ့ အစာအိမ်၊ အူလမ်းကြောင်းပြဿနာ
Donate to DVB

COVID-19 လို့ အမည်သတ်မှတ်ထားခြင်းခံရတဲ့ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ အဆုတ်ကိုသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကိုပါ တိုက်ခိုက်နိုင်တယ်လို့ ဆေးသုတေသနရလဒ်တွေက ယခုလအတွင်းမှာပဲ ဖော်ထုတ်ထားပါတယ်။

သုတေသနသစ်တွေရဲ့ ရလဒ်အရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြင်းထန်တဲ့ အခြေအနေမျိုးတွေမှာ အစာအိမ်နဲ့ အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာပါ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ပြင်းထန်အဆုတ်ရောင် ရောဂါဟာ လက်ရှိအချိန်မှာ တစ်ကမ္ဘာလုံးကို ကပ်ရောဂါအသွင်နဲ့ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီးတော့ လူပေါင်း ၅ သန်း နီးပါးကို ကူးစက်ခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်သက်သာလာသူ ၂ သန်းနီးပါးရှိနေပြီဖြစ်ပေမယ့် ရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၃ သိန်း ကျော်လွန်လာခဲ့ပါပြီ။ လက်ရှိမှာ အမေရိကန်၊ ရုရှား၊ စပိန်၊ ဘရာဇီးလ်နဲ့ ဗြိတိန်တို့ဟာ ဒီရောဂါဒါဏ်ကို အများဆုံး ခံနေရပြီး မူရင်းအစပြုရာ တရုတ်နိုင်ငံကတော့ ရောဂါပျံ့နှံ့မှုကို ထိမ်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဧပြီလကတည်းက ရောဂါကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ လူနာ ၁၉၁ ဦးတွေ့ရှိထားခဲ့ပြီး သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာလာသူ ၁၀၁ ဦးအထိ ရှိထားပါတယ်။

ဒီလိုတစ်ကမ္ဘာလုံးမှာ ဘေးအန္တရာယ်တစ်ခုအဖြစ် ပျံ့နှံ့နေတဲ့ COVID-19 ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဒီရောဂါပိုးဟာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို တဖြည်းဖြည်းသိရှိလာရပြီး ရောဂါဟာ ပိုမိုဆိုးရွားပြင်းထန်တဲ့ ရောဂါတစ်မျိုးဆိုတာကို သိနားလည်လာရပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ COVID-19


COVID-19 ဟာ လက်ရှိအချိန်အထိ ကုသဆေးရော၊ ကာကွယ်ဆေးပါ ထုတ်လုပ်နိုင်သေးခြင်းမရှိသေးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်တဲ့ သီအိုရီတွေ သုတေသန ရလဒ်တွေနဲ့ ရောဂါလက္ခဏာတွေဟာလည်း အမျိုးမျိုးအဖုံဖုံပေါ်ထွက်လို့လာနေပါတယ်။

ခုနောက်ဆုံး သိရှိရထားရတဲ့ ရောဂါရဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးကတော့ COVID-19 ဟာ လူ့ခန္တာကိုယ်အတွင်းက အစာအိမ်နဲ့ အူလမ်းကြောင်းတို့မှာ ပြဿနာတွေ ဖန်တီးနိုင်တယ်ဆိုတာပါပဲ။

ဆေးသိပ္ပံစာစောင်တစ်ခုဖြစ်တဲ့ The Lancet Gastroenterology & Hepatology ရဲ့ ဖော်ပြချက်အရ COVID-19 ကူးစက်ခံထားရတဲ့ လူနာတစ်ချို့ရဲ့ အူလမ်းကြောင်း မူမမှန်မူတွေကို စကန်ဖတ်ရယူနိုင်ခဲ့ပြီးနောက်မှာ ဒီတွေ့ရှိချက်ကို စတင်အတည်ပြုနိုင်ခဲ့တာလို့ ဆိုထားပါတယ်။ တရုတ်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ သုတေသနရလဒ်ကို မေလ ၁၁ ရက်နေ့မှာ ထုတ်ဝေ ဖော်ပြခဲ့တာပါ။

သုတေသနရလဒ်တွေအရဆိုရင် ခုလို အစာခြေဖျက်စနစ်နဲ့ အူလမ်းကြောင်းအပေါ် ကူးစက်သက်ရောက်မှုတွေဟာ သွေးခဲမှုတွေ၊ သွေးစီးဆင်းမှုပိုင်းဆိုင်ရ အဟန့်အတားတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုထားပါတယ်။

COVID-19 ကူးစက်ခံထားရသူတစ်ချို့မှာ အူလမ်းကြောင်း သွေးမလျှောက်တဲ့ ရောဂွ (Bowel Ischemia) တွေ တွေ့ရှိထားရပြီး သွေးကြောတစ်ချို့ပိတ်ဆို့နေတာကို အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့၊ မက်ဆာချုးဆက် အထွေထွေဆေးရုံကြီးက ဆရာဝန်တွေကလည်း ခွဲစိတ်မှုပြုလုပ်ရင်း တွေ့ရှိခဲ့ကြပါတယ်။

သူတို့ရဲ့ တွေ့ရှိချက်အရ လူနာတစ်ချို့ဟာ တစ်ခြားသော အကြောင်းပြချက်တွေကြောင့် Bowel Ischemia လက္ခဏာပြသခဲ့ကြသူတွေဖြစ်ကြပေမယ့် တကယ်တမ်း ကုသချိန်မှာတော့ ဒီလိုဖြစ်ပေါ်လာအောင် COVID-19 ဗိုင်းရပ်စ်က တွန်းအားပေးခဲ့တယ်ဆိုတာကို သိရှိလာရတာပါ။ ဒါကြောင့် ဒီရောဂါပိုးဟာ အူလမ်းကြောင်းကိုလည်း ထိခိုက်နိုင်စေတယ်လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာလည်း လူနာ ၇၉% ဟာ အစာစားချင်စိတ်ပျောက်ဆုံးတာမျိုး ခံစားခဲ့ကြရပြီး၊ ၃၄% ဟာ ဝမ်းပျက် ဝမ်းလျှောတာ၊ ၄% က အော့အန်တာနဲ့ ၂% က မူမမှန်တဲ့ ဗိုက်အောင့်ဝေဒနာခံစားရတာတွေဖြစ်ခဲ့ကြပါတယ်။

တစ်ကမ္ဘာလုံးက သုတေသနပြုလုပ်ချက် ၃၅ ခုကို The Lancet Gastroenterology & Hepatology စာစောင်က စုစည်းဖော်ပြခဲ့ရာမှာတော့ ၂၉ ခုက COVID-19 ရောဂါကူးစက်ခံရသူတွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ကြုံဆုံရတယ်လို့ ဖော်ပြထားကြောင်း ဆိုပါတယ်။

ဒီသုတေသနတွေမှာ လူနာပေါင်း ၆၆၈၆ ဦးကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပြီး လူနာစုစုပေါင်းရဲ့ ၁၅% ဟာ အစာအိမ်နဲ့ ပတ်သက်တဲ့ ဝေဒနာတစ်မျိုးမျိုး ခံစားခဲ့ကြရပြီး ၁၀% ကတော့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ခဲ့ရပါတယ်။

သတိထားဖို့ လိုအပ်နေဆဲ COVID-19


လက်ရှိမှာတော့ COVID-19 ဟာ ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အမြောက်အများကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို သိရှိထားသလို အစာအိမ်ကိုလည်း သက်ရောက်နိုင်တယ်လို့ ယူဆထားခဲ့ကြပါတယ်။

ခုချိန်မှာတော့ သုတေသနရလဒ်တွေအရ ပိုမိုခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိလာရပြီဖြစ်ပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်လာအောင် သက်ရောက်နိုင်တယ်ဆိုတာကို သက်သေ ခိုင်ခိုင်လုံလုံပြသနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းအပြင် အဆုတ်၊ အာရုံကြောစနစ်၊ နှလုံး၊ အသက်ရှူလမ်းကြောင်းနဲ့ သွေးကြောတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါသေးတယ်။ နယူးယောက်ပြည်နယ် စတေတန် အိုင်းလန်း တက္ကသိုလ်က ပါမောက္ခ ရှီရစ်ဖ် အန်ဒရာဝက်စ်ကတော့ COVID-19 ဟာ အသက်ရှူလမ်းကြောင်းထက် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို ပိုမိုထိခိုက်ပျက်ဆီးစေနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ဒီရောဂါဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံတစ်ချို့မှာ ထိမ်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပေမယ့်လည်း အန္တရာယ်ကြီးကြီးမားမားပေးနိုင်နေဆဲ ရောဂါတစ်ခုဖြစ်နေဆဲပါ။

လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ Positive လူနာ တိုးနှုန်းကျဆင်းလာနေသလို ပုံမှန်အပြင်ထွက်တာနဲ့ ဈေးဆိုင်တွေ ပြန်လည်ဖွင့်လှစ်တာလိုမျိုး ပြုမူဆောင်ရွက်မှုတွေကို မကြာခင်မှာ ပြန်လည်ဖွင့်လှစ်ပေးဖို့လည်း အလားအလာတွေ ရှိနေပါတယ်။

ဒါကြောင့်လည်း ပြည်သူတစ်ချို့ဟာ အခြေအနေတွေအပေါ် ပေါ့ဆမှုတွေနဲ့ သတိထားမှု လျော့ကျလာတာတွေကို မြင်တွေ့နေရပြီး ဒီလိုမှားယွင်းတဲ့ အပြုအမူတွေဟာ နောက်ထပ် ကူးစက်မှုလှိုင်းလုံးဖြစ်လာအောင် တွန်းပို့နိုင်တာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိမှုနှုန်း လျော့ကျလာတာဟာ ရောဂါစစ်ဆေးနိုင်မှု နည်းပါးသေးတာကြောင့်ဖြစ်နိုင်သလို တခြားသောအကြောင်းပြချက်အမျိုးမျိုးကြောင့်လည်းဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါကို ထိမ်းချုပ်နိုင်ပြီလို့ မကြေညာမခြင်း အန္တရာယ်ရှိတဲ့ အခြေအနေသာဖြစ်နေသေးမှာဖြစ်တာမို့ နေအိမ်တွင်းမှာ နေထိုင်ဖို့နဲ့ သတ်မှတ်စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာကြဖို့ တိုက်တွန်းပါရစေ။

ရေးသားသူ 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013