DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့က ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီး
DVB
·
May 22, 2020
ရွှေဘိုမြို့က ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားမှုဖြင့် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၁ ဦးကို ငွေကျပ်သိန်း ၄၈၀၀ ကျော် အလွဲသုံးစားလုပ်မှုနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့  ရွှေဘိုမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွှေဘိုမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဝန်ထမ်းအမည်၊ ဘဏ်နာမည်တွေတော့ ပြောလို့မရဘူး။ ကျူးလွန်တယ်လို့ ယူဆရတဲ့သူကို ဖမ်းဆီးထားတယ်။ အမှုဖွင့်ပြီး စစ်ဆေးနေပါတယ်။ တစ်သောင်းတန်အုပ်မှာ ထိပ်ဆုံး ၁ ရွက်ရယ်၊ အောက်ဆုံး ၁ ရွက်ရယ်က တစ်သောင်းတန်ပေါ့။ ကြားထဲမှာက တစ်ထောင်တန်တွေ ထည့်ထားတာပေါ့။ ဒါကို သေသေချာချာ စစ်ဆေးနေတုန်းပါ။ စတွေ့တာတော့ ကောင်တာ Customer တစ်ဦးက စတွေ့တာပေါ့။" လို့ ပြောပါတယ်။

ဒီဗွီဘီက စုံစမ်းချက်အရ အဆိုပါဝန်ထမ်းဟာ ရွှေဘိုမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) က အသက် ၃၀ အရွယ် ဘဏ်ခွဲငွေကြေးတာဝန်ခံ အမျိုးသားတဦးဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၄၈၅၁ သိန်း အလွဲသုံးစားလုပ်မှု မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

မေလ ၁၉ ရက် ညနေပိုင်းမှာ ငွေထုတ်သူတဦးက ငွေတွေကို စစ်ဆေးချိန်မှာ  တစ်သောင်းတန်အုပ်အဖြစ်  တစ်ထောင်တန် ၉၈ ရွက်ကို တစ်သောင်းတန် ၂ ရွက် အထက်အောက်ညှပ်ပြီး ပြုလုပ်ထားတာကို စတင်တွေ့ရှိခဲ့ပြီး ဘဏ်တာဝန်ရှိသူတွေကို ပြောဆိုခဲ့လို့ တာဝန်ရှိသူတွေက ငွေထုတ်ကောင်တာနဲ့ ငွေသိုလှောင်ခန်းကို ဝင်ရောက်စစ်ဆေးရာမှာ အခုလို ပြုလုပ်ထားတာ ထပ်မံတွေ့ရှိခဲ့တာပါ။ 

ဘဏ်ရဲ့ ငွေထုတ်ကောင်တာမှာ တစ်သောင်းတန်အုပ် ကျပ်သိန်း ၁၀၀ စီပါ ၁၅ ထုပ်၊ ငွေသိုလှောင်ခန်းမှာ တစ်သောင်းတန် သိန်း ၁၀၀ စီပါ ၄၀ ထုပ်တို့ကို စစ်ဆေးရာမှာ အလားတူ ဖန်တီးပြုလုပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စုစုပေါင်း ငွေထုပ် ၅၅ ထုပ်မှာ ကျပ်သိန်း ၅၅၀၀ ရှိရမှာဖြစ်ပေမယ့် စစ်ဆေးရေတွက်ချိန်မှာ ၆၄၉ သိန်းသာ တွေ့ရှိရပြီး ၄၈၅၁ သိန်းထိ ကွာဟနေတာလည်းဖြစ်ပါတယ်။ ဒီအတွက် ဘဏ်ရဲ့ စီစီတီဗွီတွေကို ထပ်မံစစ်ဆေးရာမှာ ငွေကြေးတာဝန်ခံဆိုသူကို မသင်္ကာဖွယ်တွေ့ရတဲ့အတွက် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ကျူးလွန်သူက ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်နေသူဖြစ်ပြီး ကနဦး စစ်ဆေးချက်တွေအရ လောင်းကစားလုပ်မိတာကနေ ငွေလိုလို့ လုပ်တယ်ဆိုတာကို ဝန်ခံထွက်ဆိုထားတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဘိုမြို့ ကမ္ဘောဇဘဏ်ခွဲ (၁) မန်နေဂျာ ဒေါ်ခင်မျိုးခိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဖြေကြားခွင့်မရှိတဲ့အတွက် ရုံးချုပ်ကိုသာ ဆက်သွယ်မေးမြန်းဖို့ ပြောဆိုခဲ့ပါတယ်။ 

လတ်တလော ဖမ်းဆီးအမှုဖွင့်ခံထားရသူ ဘဏ်ခွဲငွေကြေးတာဝန်ခံဆိုသူကိုတော့ ရွှေဘိုမြို့မရဲစခန်းမှာ (ပ)၃၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၈ အရ အမှုဖွင့်အရေးယူနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013